မြေးတွေအတွက် ဧရာမ Totoro အရုပ်ကြီး တည်ဆောက်ပေးခဲ့တဲ့ အဖိုးနဲ့အဖွား

Miyazaki.jp

ဂျပန်နိုင်ငံက အဖိုးအဖွားစုံတွဲတစ်တွဲဟာ သူတို့ချစ်တဲ့မြေးတွေအတွက် ဘက်စ်ကားမှတ်တိုင်အသစ်တစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ဘက်စ်ကားမှတ်တိုင်ကိုတော့ ဧရာမ Totoro အရုပ်ကြီးနဲ့ အလှဆင်ထားတာပါ။ Totoro ကာတွန်းဇာတ်ကောင်ဟာ ကလေးတို့ အသည်းစွဲဖြစ်တာမို့ သူတို့ရဲ့ မြေးလေးတွေကလည်း ဒီကားမှတ်တိုင်ကို သဘောကျနေပါတယ်။

ဒီကားမှတ်တိုင်လေးကတော့ မီယာဇာကီမြို့အနီး၊ တာကာဟာရူအမည်ရ မြို့ငယ်လေးနားက လယ်ကွင်းဝါဝါတွေကို နောက်ခံပြုပြီး တည်ရှိပါတယ်။ ကလေးတွေကလည်း My Neighbor Totoro ဇာတ်ကားရဲ့ အသည်းကျော်လေးတွေဖြစ်တော့ သူတို့အကြိုက်နဲ့ ဒီဘက်စ်ကားမှတ်တိုင်လေးက ကွက်တိဖြစ်နေပါတယ်။

Miyazaki.jp

ဖန်တီးခဲ့သူတွေကတော့ အသက်(၇၀)ဝန်းကျင်အရွယ် အဖိုးအဖွားတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ဒီအရုပ်ကြီးကို ဖန်တီးဖို့ ရိုးရာပလာစတာကပ်ခြင်း ပညာနဲ့ ဖန်တီးခဲ့တာပါ။ ကနဦးဆုံး သစ်သားချောင်းတွေနဲ့ ပုံစံအရင်ဆုံး တည်ဆောက်ပါတယ်။ နောက်တော့ ဘိလပ်မြေ၊ သဲအချိုးကျကျရောစပ်ပြီး ပလာစတာကိုင်ပါတယ်။

Miyazaki.jp
Miyazaki.jp

အဲဒီနောက် အရုပ်ကြီးခိုင်ခံဖို့အတွက် အပြင်ကနေ မာစလာခပ်ထူထူ ကိုင်ပြီး၊ မွမ်းမံထားတဲ့ အင်္ဂတေသားတွေ မခြောက်ခင်မှာ လိုအပ်တဲ့ပုံဖော် ရေးထွင်းမှုတွေပြုလုပ်ပြီး အခုလို လက်ရာသေသပ်တဲ့ Totoro အရုပ်ကြီးကို ဖော်ကျူးနိုင်ခဲ့တာပါ။ အဖိုးအိုလင်မယားဟာ ဒီအရုပ်ကြီး လှလှပပ ပြီးမြောက်ဖို့အတွက် စိတ်ရှည်ရှည်နဲ့ အချိန်တချို့ပေးခဲ့ရပေမယ့် ပင်ပန်းဟန် မပြပါဘူး။

ဒီအရုပ်ကြီးနဲ့နီးစပ်တဲ့ ရွာတွေကလည်း အရုပ်ကြီးကို အတော်သဘောကျနေပြီး လာရောက်ကြည့်ရှုတာမျိုးတွေ မကြာခဏရှိနေပါသတဲ့။ သိရသလောက်ကတော့ တစ်ရက်လောက် ကောင်းကောင်းအချိန်ပေးပြီး ဒီအရုပ်ကြီးကို ဖန်တီးခဲ့ရတာလို့ ဆိုပါတယ်။ အင်ပါယာမဂ္ဂဇင်းက My Neighbor Totoro ဇာတ်ကားကို အကောင်းဆုံးရုပ်ရှင်(၁၀၀)စာရင်းမှာ ထည့်သွင်းရွေးချယ်ခဲ့ပြီး၊ အဆင့် (၄၁)မှာ ရပ်တည်နေကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE