ရိုလာကိုစတာပေါ်မှာ တစ်ခြားသူလက်က လွတ်ကျလာတဲ့ဖုန်းကို ဖမ်းယူနိုင်ခဲ့တဲ့ အမျိုးသား

sirsammy 15/YouTube

အမျိုးသားတစ်ယောက်ဟာ အပျော်သဘောနဲ့ ရိုလာကိုစတာစီးစဉ်၊ ရှေ့က ခရီးသည်တစ်ဦး လွတ်ကျသွားတဲ့ ဖုန်းကို အောင်မြင်စွာ ဖမ်းကိုင်နိုင်ခဲ့လို့၊ သူကိုယ်တိုင်က အတော်လေး အံ့သြနေပါတယ်။ ရိုလာကိုစတာဟာ ပြေးနေတဲ့အရှိန်က အမြင့်ဆုံးအချိန်ကို ရောက်နေပေမယ့်၊ သူက လေထဲလွင့်စင်လာတဲ့ဖုန်းကို မိမိရရ ဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ စပိန်နိုင်ငံက PortAventura မှာတည်ရှိတဲ့ Park’s Shambhala ကစားကွင်းမှာ ဖြစ်ခဲ့တာပါ။ ဖုန်းကို မိမိရရဖမ်းနိုင်ခဲ့တဲ့ အမျိုးသားရဲ့အဖြစ်ကို ရိုလာကိုစတာမှာတပ်ဆင်ထားတဲ့ Dashcam က မှတ်တမ်းတင်နိုင်ခဲ့တာပါ။ ဖုန်းအမျိုးအစားကတော့ iPhone X ဖြစ်ပြီး၊ ပိုင်ရှင်ကတော့ အတော်လေး ဝမ်းသာနေပါလိမ့်မယ်။

ဖုန်းကိုဖမ်းမိခဲ့သူရဲ့အမည်ကိုတော့ မသိရပေမယ့်၊ သူဟာ YouTube မှာ  sirsammy 15 အမည်နဲ့ ဗွီဒီယိုတွေ မျှဝေနေသူပါ။ သူက သူ့ရဲ့ဂုဏ်ယူဖွယ်ရာကောင်းတဲ့ ဗွီဒီယိုနဲ့ပတ်သက်ပြီး “ ကျွန်တော် ရိုလာကိုစတာစီးနေတုန်း … ရှေ့ကလူ ပြုတ်ကျခဲ့တဲ့ ဖုန်းကို လေပေါ်မှာပဲ ဖမ်းယူနိုင်ခဲ့ပါတယ် … ကျွန်တော် စပိန်မှာရှိနေတုန်း Port Aventura မှာ Shambhala ရိုလာကိုစတာကို စီးခဲ့တာပါ … ”

“ ရှေ့ ခပ်လှမ်းလှမ်း ခုံတန်းဆီကနေ iPhone X ပြုတ်ကျလာခဲ့တာကို မြင်လိုက်ရတယ် … အချိန်တိုတိုလေးအတွင်းမှာ အဲဒီဖုန်းကို ဖမ်းယူနိုင်ခဲ့တာ …ဒီ ရိုလာကိုစတာက အရှိန် 130kms နဲ့ ပြေးနေတာလေ … ဥရောပမှာတော့ အရှည်ဆုံးနဲ့ အမြန်ဆုံးပြေးနေတဲ့ ကိုစတာတစ်ခု ဖြစ်ပါတယ်  ”လို့ ရေးခဲ့ပါတယ်။

sirsammy 15/YouTube

သူရဲ့ဗွီဒီယိုကို ဝင်ရောက်ကြည့်ရှုသူ သန်းနဲ့ချီရှိခဲ့ပါတယ်။ တစ်ချို့ကလည်း သူ့ကိုအမွှမ်းတင်ရင်း “ သူရဲကောင်းတစ်ယောက် မွေးဖွားလာသောနေ့”လို့တောင် မြှောက်စားနေကြပါတယ်။ တစ်ချို့ကလည်း ဒီအဖြစ်အပျက်ကို ကင်မရာကသာ မှတ်တမ်းတင်မထားနိုင်ခဲ့ဘူးဆိုရင် ယုံနိုင်စရာတောင် မရှိဘူးလို့ ပြောပါတယ်။

လင်းသူရိန်

SHARE