ဇနီးဖြစ်သူစိတ်ချမ်းသာဖို့ ကွာရှင်းပေးပြီး ရည်းစားဟောင်းဆီ ပြန်ပို့ပေးခဲ့တဲ့ အမျိုးသား

Unsplash/Toro

ယနေ့ခေတ်မှာ တစ်ဦးနဲ့တစ်ဦးလက်ထပ်ကြ ကွာရှင်းကြတဲ့ အဖြစ်အပျက်တွေက မရေတွက်နိုင်များပြား လှပါတယ်။  လင်မယားချင်း ကွာရှင်းပြတ်စဲကြတဲ့အခါ ထိခိုက်မှုအများဆုံးကတော့ ကလေးတွေပါ။ အများအားဖြင့် မိခင်စိတ်ရှိတဲ့ အမျိုးသမီးတွေက အနစ်နာခံရတာများတယ်ဆိုပေမယ့် အိန္ဒိယနိုင်ငံက လင်မယားနှစ်ယောက်ကတော့ အမျိုးသားဖြစ်သူရဲ့ မေတ္တာတရားနဲ့အချစ်ကြီးမှုကတော့ အံ့မခန်းပါပဲ။ 

ဘာလို့လဲဆိုရင် သူ့ရဲ့ဇနီးစိတ်ချမ်းသာဖို့အတွက် သူ့ဇနီးချစ်တဲ့သူနဲ့ ပျော်ပျော်ရွှင်ရွင်ပြန်နေနိုင်ဖို့ သူ့မှာချစ်ရက်နဲ့တရားရုံးမှာ ကွာရှင်းခွင့်တောင်းပေးခဲ့တာဖြစ်ကြောင်း IndiaTimes သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒီကွာရှင်းမှုနဲ့ပတ်သက်လို့ ကလေးတွေအပေါ် ဘာဆိုးကျိုးသက်ရောက်မှုမှ မရှိစေချင်ဘူးလို့ ဆိုပါတယ်။ သူ့တို့ ဇာတ်လမ်းကတော့ ရုပ်ရှင်တွေထဲက အတိုင်းပါပဲ။ Sangeeta ဆိုတဲ့ သူ့အမျိုးသမီးက အရင် ချစ်သူဟောင်းရှိခဲ့ပါတယ်။

သူတို့တွေဘယ်လောက်ချစ်ချစ် Sangeeta ရဲ့ဖခင်ဖြစ်သူ က သဘောမတူခဲ့ဘဲ ၊ ဆော့လ်ဝဲ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ လက်ရှိအမျိုးသား Maheshနဲ့ ပေးစားခဲ့တာပါ။ များသောအားဖြင့် လက်ထပ်တာနဲ့ပတ်သက်ပြီး မိဘသဘောကို လွန်ဆန်လို့မရတဲ့ အိန္ဒိယမှာတော့ Sangeeta က စွန့်စားမှုတွေမလုပ်ခဲ့ဘဲ အဖေပေးစားတဲ့ Maheshနဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့အိမ်ထောင်သက်က (၇)နှစ်တောင်ရှိခဲ့ပြီး၊ ကလေး(၂)ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Unsplash/IFR

ပျော်ပျော်ရွှင်ရွင်ဖြစ်နေပြီဖြစ်တဲ့ သူတို့အိမ်ထောင်ရေးဟာ  Sangeetaရဲ့ ချစ်သူဟောင်းပြန်ပေါ်လာပြီးနောက်မှာ မုန်တိုင်းထန်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က Sangeetaက သူ့ချစ်သူဟောင်းနဲ့ပြန်ဆုံတွေ့ခဲ့ပြီး၊ သူ့ချစ်သူကလည်း သူနဲ့လမ်းခွဲပြီးကတည်းကအခြားတစ်ယောက်မရှိခဲ့ဘူးဆိုတာကို သိရှိသွားပြီးနောက်မှာ Sangeetaဟာ မမေ့နိုင်သေးတဲ့ ရည်းစားဟောင်းဆီ ပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အမျိုးသားဖြစ်သူ Maheshက ခနခနနားချခဲ့ပေမယ့် ဘယ်လိုမှအဆင်မပြေခဲ့ပဲ၊ ရည်းစားဟောင်းဆီပြန်သွားဖို့သာ ပြောနေတာကြောင့် သူတို့ မကြာခဏရန်တွေဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Mahesh ဟာ ချစ်သူနဲ့အတူ ပြန်လည်ပေါင်းဖက်ချင်တဲ့ သူ့ဇနီးစိတ်ချမ်းသာဖို့အတွက် လိုက်လျောပေးလိုက်ပြီး၊ တရားရုံးမှာ ကွာရှင်းခွင့်တောင်းခံပေးလိုက်ပါတယ်။ ကလေးတွေအပေါ်ဘာ ဆိုးကျိုးမှ မရှိရအောင် သူစောင့်ရှောက်သွားဖို့ တောင်းဆိုလိုက်ပြီး၊ ဇန်ီးဖြစ်သူကလည်း လက်ခံခဲ့ပါတယ်။ ဇနီးဖြစ်သူအနေနဲ့ ကလေးတွေကိုတွေ့ချင်တဲ့အခါ အချိန်မရွေး လာကြည့်နိုင်ပါတယ်လို့လည်း ခွင့်ပြုပေးထားပါတယ်။ ဒီလို မေတ္တာကြီးမားသူကို လက်လွှတ်သွားတဲ့အမျိုးသမီးရဲ့ရွေးချယ်မှုဟာ မှန်ကန်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

Khaing Sandar

SHARE