နှစ်(၆၀)တိတိ ဦးနှောက်တစ်ခြမ်းတည်းနဲ့ အသက်ရှင်ခဲ့တဲ့ အံ့သြဖွယ်ရာ အမျိုးသား

Dr Marina Anikina_Facebook

အသက်(၆၀)နှစ်အရွယ် ရုရှားအင်ဂျင်နီယာတစ်ယောက်ကြောင့် ဆရာဝန်တွေ အတော်လေး မျက်စိလည်၊ ခေါင်းခြောက်ခဲ့ရပါတယ်။ အကြောင်းကတော့ အဲဒီပင်စင်စား အင်ဂျင်နီယာကြီးကို စစ်ဆေးလိုက်တဲ့အခါမှာ သူဟာ ဦးနှောက်တစ်ဝက်ထဲနဲ့ အခုအချိန်ထိ အသက်ရှင်နေတာကို တွေ့လိုက်ရလို့ပါဘဲ။

အဆိုပါ ပင်စင်စားအဖိုးအိုကြီးဟာ အင်ဂျင်နီယာတပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ မိသားစုကိုလည်း ကောင်းကောင်း လုပ်ကျွေးနိုင်ခဲ့သလို၊ သူ့မှာ တက္ကသိုလ်က ပေးအပ်ထားတဲ့ ဘွဲ့ဒီဂရီတွေကလည်း အထင်းသား ရှိထားသူပါ။ ဒါပေမယ့် သူ့မှာ ဦးနှောက်တစ်ခြမ်း မပါပါဘူး။ ဆိုရရင် သူက ဦးနှောက်တစ်ခြမ်းနဲ့သာ အသက်ရှင်နေသူပါ။

Dr Marina Anikina/Facebook

သာမန်အားဖြင့်တော့ ဦးနှောက်ဟာ ဘယ်ခြမ်းညာခြမ်း နှစ်ကန့်ရှိပါတယ်။ ဒီနှစ်ခြမ်း မပြည့်စုံရင် အသက်မရှင်နိုင်ဘူးလို့ မဆိုလိုပေမယ့်၊ အသက်ရှင်နေသူတိုင်း ဒီနှစ်ကန့်ကတော့ ပြည့်စုံနေကြတာပါဘဲ။ ဦးနှောက်နှစ်ခြမ်းကို two hemispheres လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဒီအဖိုးမှာတော့ ဘယ်ဘက်က (hemisphere) ဦးနှောက်တစ်ခြမ်း ပါမလာပါဘူး။

ဒေါက်တာတွေဟာ သူ့ကို စစ်ဆေးနေရင်းနဲ့ အဲဒီအင်ဂျင်နီယာကြီးက သူ့နာမည်ကိုတော့ ထုတ်ဖော်မပြောဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး ဆရာဝန်တွေဘက်က ဒီထက်ပိုပြီး လေးနက်ထိရောက်တဲ့ စမ်းသမ်းမှုတွေကို တောင်းဆိုခဲ့ပေမယ့် သူက သူ့အသက်အရွယ်အရ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ခဲ့တာပါ။

Dr Marina Anikina/Facebook

သူ့ကို စစ်ဆေးခဲ့တဲ့ ဦးနှောက်အာရုံကြောအထူးကုဆရာဝန်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Marina Anikina  က “ သူက မော်စကိုက ဆေးခန်းတစ်ခုကို ဦးနှောက်ဆိုင်ရာ ရောဂါတစ်ခုဖြစ်တဲ့ Ischemic attack အတွက် လာပြခဲ့တာပါ … ဦးနှောက်တွင်း သွေးစီးဆင်းမှု ပျက်ယွင်းတဲ့ အခြေအနေ ဆိုပါတော့ ”လို့ အတည်ပြုခဲ့ပါတယ်။

သူမက ဆက်လက်ပြီး “သူက လက်တစ်ဘက်၊ ခြေတစ်ဖက် လှုပ်ရှားရတာ ပြဿနာတွေ ရှိနေလို့ လာပြတာပါဘဲ .. သူ့ကို ကွန်ပျူတာတိုမိုဂရက်ဖီနဲ့ စမ်းသပ်လိုက်ချိန်မှာပဲ ကျွန်မတို့ အံ့အားသင့်ခဲ့ရတယ် … Ischemic attack ဖြစ်တယ်လို့ ယူဆရတဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းက လုံးဝ ပါမလာခဲ့ဘူး ” လို့ ပြောခဲ့ပါတယ်။

Burnazaryan Federal Medical Centre/Twitter

သူမက “ ဦးနှောက်ဘယ်ဘက်အခြမ်းအစား ကွန်ပျူတာမှာ အဲဒီနေရာကို အမည်းရောင် ဟောင်းလောင်းပေါက်ကြီး အဖြစ် ပြထားတယ် … ဆိုရရင် သူ့ရဲ့ဘဝသက်တမ်းတစ်လျှောက်လုံးကို ဦးနှောက် ညာခြမ်းကပဲ အပြည့်အဝတာဝန်ယူပြီး ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုတွေကို စီမံခန့်ခွဲခဲ့တဲ့သဘော … ဒါဟာ အတော်လေး အံ့သြစရာပါ ”လို့ ပြောခဲ့ပါတယ်။

ဒီကိစ္စဟာ သူ့ကို နာမည်ကျော်လူတစ်ယောက် ဖြစ်သွားစေနိုင်ပေမယ့် သူ ဒီအရွယ်ကြီးမှ နာမည်လည်း မကျော်ချင်သလို လက်ကျန်ဘဝမှာ အေးအေးဆေးဆေး အနားယူချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဘဝတစ်လျှောက်လုံးကို သာမန်အတိုင်း၊ သာမန်စစ်သားတစ်ယောက်အတိုင်း၊ သာမာန်အိမ်ထောင်ဦးစီးအတိုင်း … နေထိုင်ရှင်သန်ခဲ့တာပါ။

လင်းသူရိန် (Shwemom)

SHARE