ဗီယက်နမ်မှာ အင်းဆက်အကိုက်ခံရပြီး တစ်လအကြာမှာ သေဆုံးသွားခဲ့တဲ့ အမျိုးသား

Facebook/Josh Brooker

အသက်(၂၇)နှစ်အရွယ် အင်္ဂလန် အမျိုးသားတစ်ယောက်ဟာ ဗီယက်နမ်အလည်အပတ် ခရီးစဉ်တစ်ခုမှာ အင်းဆက်တစ်ကောင် အကိုက်ခံရပြီးနောက်၊ တစ်လအကြာမှာ သေဆုံးသွားခဲ့ရကြောင်း The Mirror သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သေဆုံးသူဟာ ဆရာတစ်ဦးဖြစ်ပြီး၊ သမိုင်းဘာသာရပ် သင်ကြားသူလို့ သိရပါတယ်။ သူဟာ စက်တင်ဘာလတုန်းက အားလပ်ရပ်မှာ ဗီယက်နမ်ကို အလည်သွားခဲ့တာပါ။

သူ့အမည်ကတော့ Josh Brooker လို့ သိရပြီး၊ အင်္ဂလန်ကို ပြန်ရောက်တဲ့အချိန်မှာပဲ ရှေ့ဆင့်နောက်ဆင့် ပြင်းထန်အဖျားရောဂါကို ခံစားခဲ့ရပါတယ်။ သူဟာ ဗီယက်နမ်ခရီးစဉ်အပေါ် စိတ်ကျေနပ်မှု ရှိခဲ့တယ်လို့ ပြောခဲ့သော်လည်း အဖျားက ကျမသွားဘဲ၊ ပိုဆိုးလာခဲ့တာပါ။

Facebook/Josh Brooker

စက်တင်ဘာလ (၃)ရက်မှာ Josh ဟာ အသည်းအသန် ဖြစ်ခဲ့ပြီး၊ ဆေးရုံတက်ရောက်ခဲ့ရပါတယ်။ အကြောင်းကတော့ အင်းဆက် အကိုက်ခံရခြင်းကနေ ရောဂါပိုးက အဆုတ်ကို ရောက်နေပါပြီ။ မူလတက်ရောက်ခဲ့တဲ့ ဆေးရုံက သူတို့ထက် ဆေးပစ္စည်းပိုစုံတဲ့ အခြားဆေးရုံတစ်ခုကို လွှဲပေးခဲ့ပါတယ်။ ဒီအချိန်မှာ Josh က အရေးပေါ် ဖြစ်နေပါပြီ။

Josh ဟာ ဦးခေါင်းကို ခြင်ကိုက်ခံခဲ့ရတာဖြစ်ပြီး၊ ဆေးရုံဝန်ထမ်းရဲ့အဆိုအရ အဲဒီနေရာဟာ အလွန်နာကျင်ကိုက်ခဲနေကာ ရောဂါပိုးဝင် စတင်ကူးစက်ခဲ့ရာနေရာလို့လည်း ဆိုပါတယ်။ Josh ရဲ့သွေးကို အကြိမ်ကြိမ် စစ်ဆေးဓာတ်ခွဲခဲ့ရာ၊ သွေးထဲမှာ Staphylococcus bacteria အမည်ရ ဘက်တီးရီယားပိုးကို တွေ့ခဲ့ရပါတယ်။

Unsplash/ConvenL

ဒီဘက်တီးရီယားဟာ ပုံစံအမျိုးမျိုးနဲ့ ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်နိုင်ပါတယ်။ အများအားဖြင့်တော့ အရေပြားပေါ်မှာသာ တွေ့ရတတ်ပြီး၊ ဒီမတိုင်ခင်တုန်းကတော့ လူကို ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယားလို့ ဆရာဝန်တွေက မယူဆခဲ့ပါဘူး။ ဒါပေမယ့် ကံဆိုးသူ Josh ကတော့ Staphylococcus aureus  ဝေဒနာကို ခံစားခဲ့ရပါတယ်။

Facebook/Josh Brooker

နောက်ပြီး ကျောရိုးမနဲ့အဆုတ်အနီးမှာ ပြည်တည်နာဆက်ဖြစ်ခဲ့ပြီး၊ ဒုတိယဆေးရုံကိုရောက်ပြီး ရက်အနည်းငယ်အကြာမှာ အရေးပေါ်စောင့်ကြည့်ရေးဌာနကို ရွှေ့ပြောင်းလိုက်ကြပါတယ်။ တစ်လနီးပါးလောက် အရေးပေါ်ဌာနမှာ စောင့်ကြည့်အနေအထားကနေ အောက်တိုဘာ (၁)ရက်နေ့မှာပဲ Josh တစ်ယောက် သေဆုံးသွားပါတော့တယ်။

လင်းသုတ

SHARE