စကပ်တိုဝတ်လာလို့ စာမေးပွဲခန်းထဲ ဝင်ခွင့်မရတဲ့ ညီမကို အကူအညီပေးလိုက်တဲ့ အစ်ကို

Facebook/Jann-marco Christian Bungcaras

အစ်ကိုဖြစ်သူတစ်ယောက်ဟာ သူရဲ့ညီမ စာမေးပွဲခန်းထဲမှာ အလွယ်တကူဝင်ရောက်နိုင်ရေးအတွက် ထိရောက်တဲ့ အကူအညီမျိုး ပေးနိုင်ခဲ့ပါတယ်။ ညီမဖြစ်သူဟာ စာမေးပွဲဖြေဆိုဖို့ ရှိပေမယ့် သူမ ဝတ်ဆင်လာတဲ့ စကပ်အတိုဟာ တက္ကသိုလ်ကသတ်မှတ်ထားတဲ့ အဝတ်အစားစံနဲ့ ငြိစွန်းနေခဲ့တာပါ။ ဒါကြောင့် အစ်ကိုဖြစ်သူက ညီမရဲ့စကပ်ကို ယူဝတ်ပြီး၊ သူ့ဘောင်းဘီကို ညီမကို ဝတ်စေလိုက်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Cebu မြို့မှာ ဖြစ်ခဲ့တာပါ။ ဒီအကြောင်းကို အသက်(၂၅)နှစ်အရွယ် Jann Christian Bungcaras က Facebook ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ အသက်(၁၈)နှစ်သာရှိသေးတဲ့ ညီမလေး Jae က ဝင်ခွင့်စာမေးပွဲတစ်ခုကို ဖြေဆိုမှာပါ။

တက္ကသိုလ် တာဝန်ရှိသူတွေဘက်က ကျောင်းထဲကို ပေးမဝင်ပါဘူး။ ဒါကြောင့်လည်း သူ့ဘောင်းဘီကို သူ့ညီမကို ပေးဝတ်လိုက်ပြီး၊ ညီမရဲ့ စကပ်အဝါလေးကို သူက ယူဝတ်လိုက်တာပါ။ Jann ရဲ့လုပ်ရပ်ဟာ ရယ်စရာလည်းကောင်းသလို၊ သူရဲ့ ရုတ်တရက် ဖြေရှင်းချက်ထုတ်နိုင်တဲ့ ဉာဏ်ရည်ကိုလည်း အများက ချီးကျူးနေကြပါတယ်။

Facebook/Jann-marco Christian Bungcaras

သူတို့ မောင်နှမနှစ်ယောက် နောက်ခံထားရိုက်တဲ့ ဗီနိုင်းပုံကိုကြည့်ခြင်းအားဖြင့် Velez College ကို ရောက်ရှိနေကြောင်း ထင်ရှားပါတယ်။ သာမန်အားဖြင့် ဒီကောလိပ်မှာ အဝတ်အစားကို မကန့်သတ်သော်လည်း စာမေးပွဲဖြေချိန်မှာတော့ ဒါက အတိုအပြတ်မဝတ်ဖို့ တားမြစ်ချက်တွေ ရှိပါသတဲ့။

စာမေးပွဲအချိန်က မနက်(၈)နာရီမို့၊ သူတို့မောင်နှမနှစ်ယောက် မနက် (၇.၄၀)မှာ ကောလိပ်ကို ရောက်အောင်လာခဲ့ကြတာပါ။ ဂိတ်မှာပဲ လုံခြုံရေးတွေက ပေးမဝင်ပါဘူး။ စာမေးပွဲခန်းထဲမှာလည်း အတိုအပြတ်ဆိုရင် လုံးဝ ပေးမဝင်ဘူးလို့ ဆိုပါတယ်။ စာမေးပွဲချိန်ကလည်း ကပ်နေလို့ အနီးကပ်ဆုံး သန့်စင်ခန်းမှာ မောင်နှမနှစ်ယောက် အဝတ်အစားကို မြန်မြန် လဲလိုက်ကြပါတယ်။

ဒါကလည်း မြန်မြန်လဲလိုက်ကြတယ်သာဆိုပေမယ့် အရင်ဆုံး Jann က အားကစားဘောင်းဘီ အခံလေးနဲ့ ဒီအတိုင်း နေနေရတာပါ။ နောက်မှ ညီမဖြစ်သူက အဝတ်အစားကို အပြည့်အစုံ လဲလိုက်တာဖြစ်ပြီး၊ အဲဒီနောက်မှ သူမရဲ့စကပ်ကို Jann က မရှက်မကြောက်၊ ညီမအဆင်ပြေနိုင်ရေး ဝတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

Facebook/Jann-marco Christian Bungcaras

Jann ဟာ ဖတ်ရှင်ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပြီး၊ သူဟာ တာရှည်ခံအထည်အလိပ်တွေကို ဒီဇိုင်းဖန်တီးကာ ကမ္ဘာအနှံ့ကို ဖြန့်ဖြူရောင်းချနေသူလည်း ဖြစ်ပါတယ်။ သူရဲ့အခုဖြစ်စဉ်ပို့စ်က ထင်မထားဘဲ ပေါက်သွားတော့ Jann က ပို့စ်ကို Edit လုပ်ပြီး သူရဲ့ အင်စတာဂရမ်လိပ်စာကို ထည့်ပေးခဲ့ပါတယ်။ ဒါကို ထောက်ရှုရင် Jann ဟာ အခွင့်အရေးတစ်ခုကို ကောင်းကောင်း အသုံးချတတ်သူဆိုတာ မြင်သာစေမှာပါ။

လင်းဇော်ကို

SHARE