လယ်သာစတွေနဲ့ Alien ရုပ်ရှင်ထဲကအကောင်ပုံစံ Mask ကို ချုပ်ခဲ့တဲ့ လက်မှုပညာရှင်

Instagram/PIRATES_LEATHERWORKS

နာမည်ကျော် ဂြိုဟ်သားရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Alienဆိုတဲ့ ရုပ်ရှင်ထဲမှာFacehugger  ဆိုတဲ့ ထူးဆန်းတဲ့ အကောင်တစ်ကောင်ရဲ့ ပုံရိပ်တချို့ပါဝင်ခဲ့ပါတယ်။ Facehugger အကောင်တွေမှာ လက်တံတွေရှိပြီး အလည်မှာ စုတ်ခွက်ပုံစံတစ်ခုလည်း ရှိပါတယ်။ ရုပ်ရှင်ထဲမှာတော့ အဲဒီအကောင်တွေက လူတွေရဲ့ မျက်နှာပေါ် ရောက်ရှိလာပြီး ဥ ဥချထားလေ့ရှိတာကို မြင်တွေ့ရမှာပါ။

အခုတစ်ခေါက်ကတော့ အင်္ဂလန်နိုင်ငံက Pirate’s Leatherworks ဆိုတဲ့ လယ်သာဆိုင်တစ်ဆိုင်ကနေပြီး အနုပညာရှင်တစ်ယောက်က အဲဒီအကောင်ပုံစံMask တစ်ခုကို လယ်သာစတွေနဲ့ ချုပ်လုပ်ထားပါတယ်။ အမြီးရှည်တစ်ခုရှိပြီး လက်တံတွေလည်း ပါတဲ့ အဲဒီ Facehugger အကောင်ပုံစံ Mask ကို တီထွင်ချုပ်လုပ်ခဲ့သူကတော့ဂျိမ်းစ်လို့ခေါ်တဲ့ ယူကေအခြေစိုက် လယ်သာပညာရှင်တစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ သူဟာ Pirate’s Leatherworksဆိုတဲ့ ဆိုင်တစ်ဆိုင်ကို ဖွင့်ထားပြီး လယ်သာနဲ့ ပတ်သက်သမျှ အသုံးအဆောင်တွေကို ရောင်းချလျက်ရှိပါတယ်။

 

ကြည့်လိုက်တာနဲ့ ကြောက်စရာကောင်းလောက်တဲ့ ဒီ Facehugger Mask ကို ရုပ်ရှင်ထဲက အတိုင်း အသေးစိတ်ပုံဖော်ထားတာကို မြင်တွေ့ရမှာပါ။အကောင်ရဲ့ ခြေချောင်းလက်ချောင်း အဆစ်တွေနေရာမှာလည်း တိကျတဲ့ ချုပ်ရိုးချုပ်သားတွေနဲ့ ချုပ်လုပ်ထားပြီး အလွယ်တကူ လှုပ်ရှားလို့လွယ်အောင် ပြုလုပ်ထားပါတယ်။ အကောင်ရဲ့ အမြီးနေရာကို ကြည့်လိုက်ရင်လည်း လယ်သာစတွေကို တစ်ထပ်ပြီး တစ်ထပ် ထပ်ဆင့်ကာ အသေးစိတ်နေရာလေးတွေကအစ ပီပီပြင်ပြင်ချုပ်ထားတာကို အခုလို မြင်တွေ့နိုင်ပါတယ်။ ရုပ်ရှင်ထဲက အကောင်ကြီးကတော့ ပန်းနုရောင်အဆင်းရှိတဲ့ အကောင်ကြီးဖြစ်ပေမယ့် အခုချုပ်ထားတဲ့  Maskကတော့ လယ်သာအရောင်ဖြစ်နေပါတယ်။

ဒီ ထူးဆန်းတဲ့အကောင်ကြီးပုံစံ Mask ကို လယ်သာစတွေနဲ့ ချုပ်တဲ့နေရာမှာလည်း တစ်ခု တစ်ခုကို အချိန် ၃ ရက်ကြာအောင် ချုပ်ရတယ်လို့ သိရပါတယ်။ ချုပ်စဉ်အချိန်မှာလည်း လယ်သာ အစ ၅၉ စလောက်နဲ့ တစ်ခုချင်းစီကို အသေးစိတ်ချုပ်လုပ်ထားရတာပါ။ဒီ Mask ကို ချုပ်တဲ့နေရာမှာလည်း လယ်သားစအကောင်းစားတွေကို ရွေးချယ်ပြီးမှ ချုပ်လုပ်တယ်လို့ သိရပါတယ်။ တစ်ခုတစ်ခုကို ချုပ်လုပ်ဖို့အတွက် လယ်သာစ စတုရန်းပေ ၂ ပေကနေ ၃ ပေအထိ ကိုက်ဖြတ်ရတယ်လို့ သိရပါတယ်။

READ
ဟောင်ကောင်ရဲ့ သံလှောင်ချိုင့် တိုက်ခန်းတွေနောက်ကွယ်က စိတ်ဝင်စားဖွယ်အကြောင်းများ

လက်ရှိအချိန်မှာတော့ အဲဒီ Mask တစ်ခုကို မြန်မာငွေ ၂သိန်းခွဲ ဝန်းကျင်လောက်နဲ့ ရောင်းချနေတာပါ။ အဲဒီဈေးဟာ Mask တစ်ခုစာအတွက်တော့ အရမ်းများနေတဲ့ ဈေးတစ်ခုဖြစ်တယ်လို့ ဝေဖန်သူတွေအပေါ်ကို ဂျိမ်းစ်က အခုလို ပြောခဲ့ပါတယ်။

Instagram/PIRATES_LEATHERWORKS

“ဒီ Mask တွေက ဈေးကြီးလွန်းတယ်လို့ ကျနော့်ကို လူတွေက ပြောကြတယ်။ ဒါပေမယ့် ကျနော့်ရဲ့ နာရီပိုင်းလုပ်အားခတွေသာ ပေါင်းထည့်လိုက်မယ်ဆိုရင် ဒီထက်ပိုပြီး ဈေးတင်ရောင်းလို့ရတာပါ။ ဒါကြောင့် ကျနော့်အနေနဲ့ တတ်နိုင်သမျှရောင်းလို့ရတဲ့ ဈေးအချိုဆုံးတစ်ခုကို ပြင်ဆင်ပြီး ရောင်းချခဲ့တာပါ”လို့ ပြောဆိုခဲ့ပါတယ်။

Instagram/PIRATES_LEATHERWORKS

အခုလို ကပ်ရောဂါအခြေအနေမှာ မဖြစ်မနေ Mask တပ်ဆင်ရမယ်ဆိုတဲ့ သတိပေးကြေငြာချက်တွေကြောင့် လူတိုင်းလိုလို Mask တွေ တပ်ဆင်လာကြတဲ့အထဲမှာ Facehugger အကောင်တွေ ပုံစံ Mask တွေကို ကိုယ့်ဘာသာကိုယ် ချုပ်ပြီး တပ်ဆင်လာကြတဲ့သူတွေလည်း ရှိပါတယ်။  မျက်နှာမှာ ဂြိုဟ်သားအကောင်ကြီးတွေ ကပ်နေတဲ့ ပုံစံရှိတဲ့ အဲဒီ Maskတွေက လတ်တလောမှာတော့ လူစိတ်ဝင်စားခြင်းခံရတဲ့ အသုံးအဆောင်တစ်ခုလည်း ဖြစ်နေပါတယ်။

Ye Yint Kyaw

SHARE