ပါးစပ်နဲ့စက္ကူရုပ်လုပ်ပြီး မိသားစုကို ငွေရှာပေးနေတဲ့ မသန်စွမ်းအမျိုးသား

YouTube/SCMP

တရုတ်နိုင်ငံက အသက်(၂၉)နှစ်အရွယ် Gao Guangliဟာ  မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် သူတတ်ကျွမ်းတဲ့အတတ်ပညာနဲ့ မိသားစုကို ကူညီထောက်ပံ့ပေးနေသူဖြစ်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း Shandong ပြည်နယ်မှာ နေထိုင်တဲ့ Gao ဟာ မွေးရာပါခြေလက်မသန်စွမ်းဘ၀နဲ့မွေးဖွားလာခဲ့တာပါ။ နောက်ပိုင်းမှာ ပါးစပ်နဲ့စက္ကူရုပ်ခေါက်တဲ့အတတ်ပညာကို သင်ကြားခဲ့ပြီး၊ ရှုပ်ထွေးတဲ့ဒီဇိုင်းတွေကိုတောင် လျှာနဲ့သွားကိုသုံးပြီး ဖန်တီးပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ဖန်တီးထားတဲ့ ဒီဇိုင်းတွေကို အွန်လိုင်းပေါ်မှာရောင်းချနေပြီး၊ Kuaishou ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ သူ့ဖန်တီးမှုတွေကိုတွေ့မြင်နိုင်ပါတယ်။

တဖြေးဖြေးနဲ့လူသိများလာပြီး Gao ဟာ အခုဆို တရုတ်ရုပ်မြင်သံကြားနဲ့ တခြားအွန်လိုင်းမီဒီယာတွေမှာပါ ပါလာခဲ့ပါပြီ။ သူ့ရဲ့ ကရိန်းစက်၊ ဖားရုပ်၊ အသဲပုံအရုပ်၊ လှေ၊ ဒုံးကျည်နဲ့လေယာဉ်ပျံစတဲ့ အရုပ်တွေအသေးစိတ်ဖန်တီးနေတဲ့ဗီဒီယိုတွေကို လူသန်းနဲ့ချီကြည့်ရှုခဲ့ပါတယ်။

(၂၀၁၇)ခုနှစ် ဒီဇင်ဘာ(၂)ရက်မှာ origami လှေကို ပါးစပ်နဲ့ သုံးမိနစ်နဲ့(၃၄)စက္ကန့်အတွင်း အမြန်ဆုံးစံချိန်တင်ဖန်တီးနိုင်မှုကြောင့် ကမ္ဘာဂရင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

ပြုလုပ်ရအခက်ခဲဆုံးဖြစ်တဲ့ ကရိန်းစက်တွေကိုလည်း မိနစ်(၂၀)တည်းနြဲ့ပုလုပ်နိုင်ခဲ့တာပါ။

Gao ဟာ အရင်က အခက်အခဲဒုက္ခများစွာရင်ဆိုင်ခဲ့ရသူပါ။ အသက်(၁၂)နှစ်အရွယ်မှာ origami စတင်စိတ်ဝင်စားခဲ့ပေမယ့်၊ ဘ၀ရဲ့စွန့်စားမှုတစ်ခုအဖြစ် သူငယ်ချင်းနဲ့အတူမြို့တက်ပြီး လမ်းဘေးဖျော်ဖြေသူအဖြစ် ငွေရှာခဲ့ကြပါတယ်။

Jinan မြို့မှာ သူ့တို့စွန့်စားဖွယ်ခရီးကို ငါးလကြာကုန်ဆုံးခဲ့ပြီးနောက် မိုင်ငါးရာကျော်ဝေးတဲ့ Hangzhou ကို ရွှေ့ပြောင်းခဲ့ကြပါတယ်။ ဒါပေမယ့် မိုးဒဏ်လေဒဏ်ကြောင့် နာမကျန်းဖြစ်ပြီး Gaoဟာ နေရပ်အိမ်ကို ပြန်လာခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်း မိဘတွေနဲ့အတူနေပြီး၊ မိသားစုရဲ့ ငွေကြေးအခက်အခဲကို ပြေလျော့စေဖို့ တရုတ် e-commerce platform တစ်ခုဖြစ်တဲ့ Taobao မှာ online shop ဖွင့်ကာ သူဖန်တီးထားတဲ့ origami အရုပ်တွေကို ရောင်းချခဲ့ပါတယ်။ 

အခုဆို သူ့အရုပ်တွေဟာ တဖြေးဖြေး လူသိများလာပြီး မိဘတွေကို ထောက်ပံ့ပေးနိုင်သူဖြစ်လာခဲ့ပါပြီ။  Gaoဟာ ကိုယ်ခန္ဓာမသန်းစွမ်းပေမယ့်လည်း သူ့မှာ အနာဂတ်အတွက် အိမ်မက်တွေရှိကြောင်း၊ ပထမတစ်ခုက စက်ရုံအသေးစားလေးဖွင့်ဖို့၊ သူ့လို မသန်စွမ်းသူငယ်ချင်းတွေကို ငွေကြေးထောက်ပံ့ပေးနိုင်ပြီး၊ သူတို့ကို ပျော်ရွင်စေချင်ကြောင်း ဆိုခဲ့ပါတယ်။ အခုလို ကံတရားကြောင့် မွေးရာပါမသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ ဖြူစင်တဲ့စိတ်ဓာတ်ဟာ လေးစားအတုယူစရာ ကောင်းလွန်းတယ်လို့ ပြောဆိုချီးကျုးနေကြပါပြီ။

Khaing Sandar

SHARE