လွန်ခဲ့တဲ့(၄)နှစ်က Tinder ပေါ်မှာတွေခဲ့တဲ့ ကောင်မလေးကို တကယ်ချစ်ကြောင်း ပြခဲ့သူ

Twitter/Lisa A. Diamond

ဗြိတိန်က လူငယ်လေးတစ်ယောက်ဟာ လွန်ခဲ့တဲ့(၄)နှစ်ကတည်းက Tinder လူမှုကွန်ရက်ပေါ်မှာ ရင်းနီးကျွမ်းဝင်ခဲ့တဲ့ မလေးရှားမလေးကို တကယ်ချစ်ကြောင်း သက်သေပြခဲ့ပါတယ်။ မလေးရှားနဲ့ ဗြိတိန်ဟာ အကြမ်းဖျဉ်းအားဖြင့် (၆၇၅၂)မိုင်အထိ ကွာဝေးပါတယ်။ ဒီမိုင်လောက်ကတော့ တကယ်ချစ်တဲ့လူတွေက အပျော့ပါလို့ ပြောလို့ရပါတယ်။

တကယ်ချစ်ကြတဲ့သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် နီးစပ်ဖို့ မဖြစ်မနေ နီးစပ်အောင် ကြိုးစားကြပါတယ်။ တကယ်မချစ်တဲ့သူတွေကတော့ ဘယ်လောက်နီးနီး ဝေးရာကို ထွက်ပြေးဖို့ပဲ စဉ်းစားနေကြပါတယ်။ အခု ဗြိတိန်ကောင်လေးရဲ့အမည်ကတော့ Charlie Diamond ဖြစ်ပါတယ်။ ကောင်မလေးအမည်ကတော့ Lisa ပါ။

 

Lisa ဟာ မလေးရှားနိုင်ငံမှာ ရှေ့နေအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုပြီး၊ Charlie ကတော့ တပ်မတော်မှ အရာရှိ ဗိုလ်အဆင့်ပါ။ နှစ်ယောက်သား (၂၀၁၆)ခုနှစ်မှာ Tinder ပေါ်မှာ စတင်ရင်းနီးခဲ့ရာက Long-Distance Relationship ကို မရေမရာ စတင်ခဲ့တာပါ။

 

ဒါပေမယ့် ဒီမတိုင်မှာ Charlie ဟာ မလေးကို ရောက်ခဲ့ဖူးပါသေးတယ်။ ဘရူနိုင်းကိုသွားစဉ်၊ KL မှာ တစ်ခေါက်နားခဲ့တာပါ။ သူတို့တစ်တွေဟာ အဲဒီတုန်းကတည်း ပုဂ္ဂိုလ်ရေးအရ ရင်းနီးခဲ့ပုံပါဘဲ။ ဒီနောက်မှ Tinder ပလက်ဖောင်းကနေ Lisa က ရေလာမြောင်းပေးလုပ်ရင်း ချစ်သူတွေ ဖြစ်ခဲ့တာပါ။

 

Charlie ဟာ ဘရူနိုင်းကနေ KL ကို တစ်ခေါက်လာလည်ပြီး Lisa နဲ့ တွေ့ခဲ့ပါတယ်။ Lisa ကလည်း ဒီမတိုင်ခင်က ယူကေမှာ (၇)နှစ်ကြာ ကျောင်းတက်ခဲ့ဖူးတာကြောင့် ယူကေယဉ်ကျေးမှုနဲ့ အကျွမ်းတဝင် ဖြစ်နေပါတယ်။ နောက်ဆုံးတော့ Charlie ဟာ Lisa ကို လက်ထပ်ဖို့ မလေးကို ရောက်လာခဲ့ပါတယ်။ 

 

သူတို့နှစ်ယောက်ဟာ ဗြိတိန်တပ်တွင်းလက်ထပ်ပွဲ ရိုးရာအတိုင်း လက်ထပ်ခဲ့ကြပါတယ်။ မင်္ဂလာပွဲကို ဆွေမျိုးစုံညီစွာ တက်ရောက်ခဲ့ပြီး၊ ကောင်းချီးပေးခဲ့ကြပါတယ်။ နှစ်ယောက်သား ဗြိတိန်မှာ အခြေချနေထိုင်ကြမယ်လို့် သိရပါတယ်။ တကယ်ချစ်ရင် … တကယ်နီးအောင် ကြိုးစားကြပါတယ်။

လင်းသူရိန်

SHARE