ချစ်သူကောင်မလေးက မင်္ဂလာပန်းစည်း ဖမ်းမိသွားလို့၊ မင်္ဂလာဆောင်က ထွက်ပြေးတဲ့အမျိုးသား

Facebook/Haley Marie Skipworth

မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီး စွန့်ကျဲလိုက်တဲ့ မင်္ဂလာပန်းစည်းကို ကံကောင်းသူတွေမှသာ ရရှိတာပါ။ အများအားဖြင့်တော့ အဲဒီ မင်္ဂလာပန်းစည်းကို အရံသတို့သမီးထဲက အပျိုတွေ၊ ဧည့်သည်တွေထဲက အပျိုမလေးတွေက လုကြလေ့ရှိပြီး၊ တစ်ခါတလေမှာတော့ သတို့သမီးကိုယ်တိုင်က အိမ်ထောင်မရှိသေးတဲ့ အခင်ဆုံးသူငယ်ချင်းကို တိုက်ရိုက် လွှဲပြောင်းပေးလေ့ရှိပါတယ်။

တစ်ချို့သော ဒေသတွေမှာတော့ မင်္ဂလာပန်းစည်း ရရှိပြီးပြီဆိုရင် သတ်မှတ်ထားတဲ့ကာလ (၃)လ၊(၄)လ၊(၅)လ စသည်အတောအတွင်းမှာ မင်္ဂလာဆောင်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးပိုင်းမှာ အခက်အခဲရှိသူများအဖို့ ချစ်သူကောင်မလေး မင်္ဂလာပန်းစည်း ဖမ်းမိသွားခြင်းဟာ သူတို့အတွက်တော့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်ပါတယ်။

Facebook/Haley Marie Skipworth

အခု အဖြစ်အပျက်ကတော့ စက်တင်ဘာ (၁၄)ရက်က အမေရိကန် အယ်လ်ဘားမားပြည်နယ်၊ Millbrook မှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ အူယားဖားယား ထွက်ပြေးသွားသူကတော့ Nathan Jordan ဖြစ်ပြီး၊ မင်္ဂလာပန်းစည်း ဖမ်းမိခဲ့တဲ့ ချစ်သူကောင်မလေးကတော့ Haley Marie Skipworth (၂၀)နှစ် ဖြစ်ပါတယ်။ Nathan ဟာ Haley မင်္ဂလာပန်းစည်း ဖမ်းမိသွားတယ်ဆိုရင်ပဲ နေရာကနေ တစ်ချိုးတည်း လစ်ပြေးတော့တာပါ။

သူဟာ ခြံစည်းရိုးကို ခုန်ကျော်ပြီး၊ ကားဆီကို ပြေးကာ အရှိန်ပြင်းစွာ မောင်းထွက်သွားခဲ့ပါတယ်။ ကျန်ရစ်သူတွေကတော့ ကြောင်စီစီဖြစ်သူကဖြစ်၊ အူလှိုက်သည်းလှိုက် ရယ်သူက ရယ်နဲ့ အတော်လေး ပွဲကျခဲ့ရတဲ့အဖြစ်ပါ။ အဲဒီဗွီဒီယိုကို Haley က ပြန်လည်မျှဝေခဲ့တာပါ။

https://www.facebook.com/haley.skipworth22/videos/2913085968705737/

READ
လက်ဖက်ခြောက်ဗူးအစား တစ်ခြားဗူးတစ်ခုကို မှားဝယ်မိခဲ့တဲ့ ဖွားဖွားရဲ့ အဖြစ်

Haley က “ သတို့သမီးအရံ အမြဲတမ်း ဖြစ်ခဲ့ပေမယ်၊ သတို့သမီး ဖြစ်ခွင့်မရသေးဘူး … ဘာကြောင့်ဆိုတာ နားမလည်ဘူး ”လို့ ရေးခဲ့ပါတယ်။ သူတို့စုံတွဲဟာ (၅)နှစ်ကြာ လက်တွဲခဲ့သူတွေဖြစ်ပြီး၊ ကျောင်းပြီးရင် လက်ထပ်ဖို့ ပြင်ဆင်ထားသူတွေပါ။ ဒါပေမယ့် Nathan ဘာလို့ ပြေးထွက်သွားသလဲဆိုတာ သူက လွဲပြီး မသိနိုင်ပါဘူး။

တစ်ချို့ကလည်း လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးလို့ ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး၊ တစ်ချို့ကလည်း လက်ထပ်လက်စွပ် မပါလို့ ပြေးဝယ်တာဖြစ်လိမ့်မယ်လို့ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် Nathan ရဲ့ လုပ်ရပ်ကတော့ လူမှုကွန်ရက်မှာ အများသဘောကျစရာ ဖြစ်နေပြီး၊ နေ့ချင်းညချင်း ကျော်ကြားသွားတဲ့အထိ ဖြစ်စေခဲ့ပါတယ်။

လင်းသုတ

SHARE