ရေနစ်ပြီး သေမလိုဖြစ်နေတဲ့ ပုတက်တစ်ကောင်ကို CPR နည်းနဲ့ အသက်ပြန်ကယ်ခဲ့တဲ့လူ

Facebook/Gordon Fire and Rescue NSW

တာဝန်မှအပဖြစ်တဲ့ မီးသတ်သမားကြီးတစ်ယောက်ဟာ ရေနစ်ပြီးသေမလိုဖြစ်နေတဲ့ ပုတက်တစ်ကောင်ကို CPR နည်းနဲ့ အသက်ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပုတက်ကလေးဟာ သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်က ရေကူးကန်တစ်ခုထဲမှာ ပြုတ်ကျပြီး၊ ရေနစ်ခဲ့တာပါ။ အပူချိန်က (၃၄)ဒီဂရီစင်တီဂရိတ်ဖြစ်နေတာမို့ ရေငတ်လို့ ခုန်ချတာလည်း ဖြစ်နိုင်ပါတယ်။

ကံဆိုးချင်တော့ ပုတက်ကလေးဟာ ရေကန်ပေါ်ကို ပြန်တက်ဖို့ ကြိုးစားရင်း သစ်ရွက်တွေ အမှိုက်တွေကိုစစ်ထုတ်တဲ့ ရေစစ်ပေါက် (Skimmer box)အတွင်းကို ရောက်သွားပါတယ်။ ဒီအချင်းအရာကို မီးသတ်သမားကြီးက ချက်ချင်းမြင်ပြီး၊ သေလုမျောပါးဖြစ်နေတဲ့ ပုတက်ကလေးကို ကယ်ဆယ်ခဲ့ပါတယ်။

Facebook/Gordon Fire and Rescue NSW

ပုတက်ကလေးဟာ အသက်ရှုရပ်နေပြီဖြစ်လို့ အမည်မဖော်လိုတဲ့ မီးသတ်သမားကြီးက CPR နည်းနဲ့ အသက်ပြန်ကယ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ ပုတက်ကလေး အသက်ပြန်ရှင်ခွင့် ရသွားပါတယ်။ ဒီဗွီဒီယိုလေးကို Fire and Rescue NSW Station 037 Gordon မှာ တင်ခဲ့တာပါ။

၎င်းပို့စ်မှာ “ ပြီးခဲ့တဲ့စနေက ကျွန်တော်တို့ရဲ့ တာဝန်ချိန်မှ အပဖြစ်နေတဲ့ မီးသတ်သမားကြီးဟာ အိမ်နီးနားချင်းရဲ့ အကူအညီတောင်းခံခဲ့ရပြီး ရေနစ်နေတဲ့ သတ္တဝါလေးကို ကယ်ဆယ်ခဲ့ပါတယ် … အဲဒီကိုောက်တော့ ဒီကောင်လေးဟာ ရေစစ်ပေါက်ထဲ ရောက်နေပါတယ် … သူဟာ သတိလစ်ပြီး မလှုပ်မရှက်နဲ့ အသက်မရှူတော့ပါဘူး … ”လို့ ရေးထားပါတယ်။

Posted by Fire and Rescue NSW Station 037 Gordon on Sunday, February 2, 2020

မီးသတ်တပ်ဖွဲ့က “ အခြေအနေကတော့ ဒီကောင်လေးအတွက် မကောင်းဘူး .. ဒါပေမယ့် သူ ပင့်သက်ရှိုက်လိုက်တယ် … ပြီးခဲ့တဲ့အဖြစ်အပျက်တွေက ရခဲ့တဲ့ အတွေ့အကြုံအရ မီးသတ်သမားတွေဟာ အခုအချိန် CPR ကို မရပ်လိုက်သင့်တဲ့ အချိန်ပဲဆိုတာ သိတယ်လေ … ဒါကြောင့် CPR ဆက်ပေးတယ် … အဲဒီနောက် ကံကောင်းစွာပဲ ပုတက်ကလေး သူ့ဘာသာ  ပြန်အသက်ရှူတယ် … ”လို့ ပြောပါတယ်။

ပုတက်ကလေးဟာ နောက်ထပ် တစ်နာရီခွဲလောက်ကြာတော့ သူ့ရဲ့အစာတွေဖြစ်တဲ့ အင်းဆက်တွေကို လိုက်ဖမ်းနေပါပြီတဲ့။ ဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် တိရစ္ဆာန်လေးတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အရေးပေါ်အခြေအနေဆိုရင် ဒီနည်းနဲ့ အသက်ပြန်ကယ်နိုင်တယ်ဆိုတဲ့ အဖိုးမဖြတ်နိုင်တဲ့ ပညာတစ်ခုကိုတော့ စာဖတ်သူအတွက် ရရှိစေမှာပါ။

လင်းသူရိန်

SHARE