ထားခဲ့တဲ့ ကတိအတိုင်း ဒေါ်လာ(၂၂)သန်း ထီဆုကြီးကို သူငယ်ချင်းနဲ့ အညီအမျှခွဲယူခဲ့သူ

Winconsin Lottery

သူငယ်ချင်းကောင်းဆိုတာ ဘယ်လို အဓိပ္ပါယ်ဖွင့်ကြပါသလဲ။ ကိုယ့်မှာရှိတဲ့ သူငယ်ချင်းတွေအနက် သင့်စိတ်ထဲမှာ သူငယ်ချင်းကောင်းအဖြစ် သတ်မှတ်ထားသူဆိုတာ အများကြီး မရှိနိုင်ပါဘူး။ နောက်ပြီး သူငယ်ချင်းကောင်းဆိုတာ ကိုယ့်ဘက်က သတ်မှတ်ရုံနဲ့ မပြီးပါဘူး။ သူ့ဘက်ကလည်း ကိုယ့်ကို သူငယ်ချင်းကောင်းအဖြစ် သတ်မှတ်မှ ဘက်ညီမှာပါ။

အခုလည်း အဖိုအိုတစ်ယောက်ဟာ သူရဲ့ငယ်သူငယ်ချင်းနဲ့ လွန်ခဲ့တဲ့(၂၈)နှစ်က ထားခဲ့တဲ့ကတိကို တည်ကြည်စွာ စောင့်ထိန်းခဲ့ပါတယ်။ ဒါမျိုးကို သူငယ်ချင်းကောင်းလို့ ခေါ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ (၁၉၉၂)ခုနှစ်တုန်းက လက်ချင်းနှုတ်ဆက်ပြီး၊ ဘယ်သူထီထိုးထိုး၊ ထီပေါက်ရင် တစ်ဝက်စီ ခွဲယူကြေးဆိုပြီး ကတိထားခဲ့ကြတာပါ။

https://www.instagram.com/p/CC_huRPjilb/

သူတို့နှစ်ယောက်ရဲ့အမည်ကတော့ Tom Cook နဲ့ Joe Feeney တို့ ဖြစ်ပါတယ်။ သူတို့ဟာ အမေရိကန်နိုင်ငံ၊ Wisconsin ပြည်နယ်မှာ နေကြတာပါ။ ထိုစဉ်က Wisconsin သန်းကြွယ်ဆုကြီးကို ပြည်နယ်မှာ ပထမဆုံး စတင်မိတ်ဆက်ချိန်လည်း ဖြစ်ပါတယ်။ ဒီအတွက် သူတို့ ကတိထားခဲ့ကြသလို၊ နှစ်ယောက်အပြင်ထွက်တိုင်း ထီတော့ ထိုးဖြစ်အောင် ထိုးပါတယ်။

တစ်ရက်မှာတော့ (ပြီးခဲ့တဲ့ဇွန်လက) Cook ထိုးတဲ့ထီဆုကြီးဟာ ဒေါ်လာ (၂၂)သန်း ကံထူးခဲ့ပါတယ်။ ပေါင်အားဖြင့်ဆိုရင် (၁၇)သန်းဖြစ်ပါတယ်။ Cook ဟာ ဇနီးနဲ့အတူ ဆိုင်တစ်ခုမှာ နေ့လည်စာစားနေစဉ် သူထိုးထားတဲ့ 10 Powerball လက်မှတ်ကို စစ်ဆေးလိုက်တာပါ။ အဲဒီမှာ ထီဆုကြီး ဆွတ်ခူးနေတာကို တွေ့လိုက်ရပါတယ်။

Cook ဟာ ချက်ချင်း သူငယ်ချင်း Feeney ကို ဖုန်းဆက်ပါတယ်။ Feeney ကတော့ သူ့သူငယ်ချင်းအကြောင်း ငယ်ငယ်ကတည်းက အထာသိနေသူမို့ နောက်နေတာလားဆိုပြီး ကနဦးတုန်းက ဘယ်လိုမှ မယုံပါဘူး။ ဒါပေမယ့် နောက်ဆုံး ယုံကြည်သွားပါတော့တယ်။ သူတို့နှစ်ယောက်ဟာ သဘောတူညီချက်အတိုင်း ကြည်ကြည်ဖြူဖြူ ထီဆုကြီးကို ထုတ်ယူခဲ့ပါတယ်။

Wisconsin Lottery မှ ပြောရေးဆိုခွင့်ရှိသူကလည်း Cook နဲ့ Feeney တို့ ထီဆုကို အညီအမျှဆီ ခွဲဝေယူခဲ့ကြကြောင်း အတည်ပြုခဲ့ပါတယ်။ Feeney က “ ကျွန်တော်တို့က ဘယ်သူပေါက်ပေါက် ခွဲယူကြမယ်လို့ ကတိထားခဲ့ကြတာပါ … အပတ်တိုင်း ကံစမ်းဖြစ်ကြပါတယ် … ဒါပေမယ့် ဒီလို ထီပေါက်လိမ့်မယ်လို့တော့ ကျွန်တော် မတွေးခဲ့ဖူးပါဘူး ”လို့ ပြောခဲ့ပါတယ်။

ထီဆုကို ဆွတ်ခူးခဲ့တဲ့ ကာယကံရှင် Cook က “ ဘယ်လောက်ပဲ နှစ်တွေကြာသည်ဖြစ်စေ .. အိုဟောင်းသည်ဖြစ်စေ … ကတိသစ္စာဆိုတာ ကတိသစ္စာပါပဲ … ”လို့ မှတ်ချက်ပေးပါတယ်။ Cook ဟာ အခုဆို အလုပ်က ထွက်ထားပါပြီ။ ဒါပေမယ့် ထီကိုတော့ ထိုးနေဆဲပါဘဲ။ သိရသလောက်တော့ သူတို့ဟာ ငွေသား ဒေါ်လာ(၁၆.၇)သန်းကို ရွေးချယ်ခဲ့ရာ၊ အခွန်ဆောင်ပြီး ဆုကြေးအဖြစ် ဒေါ်လာ (၅.၇)သန်းစီ ရရှိခဲ့ပါတယ်။

လင်းသူရိန်

SHARE