ကားတိုက်ခံရဟန်ဆောင်တာ ပိရိလွန်းလို့၊ အော်စကာဆုတောင် ချီးမြှင့်သင့်တဲ့ အမျိုးသား

YouTube/ROADS sg

မရိုးသားတဲ့လူတွေမှာ လုပ်စားတဲ့နည်းလမ်းတွေကလည်း တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ မရိုးသားတဲ့လူတွေ ဖြစ်သည့်အလျှောက် ခိုးမယ်၊ အလစ်သုတ်မယ်၊ တိုက်မယ်၊ လုမယ် စသဖြင့် အမျိုးမျိုးကွဲပြားကြပါတယ်။ တချို့ကတော့ အုပ်စုဖွဲ့ပြီး လိမ်လည်တာမျိုးတွေလည်း လုပ်ကြပါတယ်။

နိုင်ငံတော်တော်များများမှာတော့ ကားတွေ ယာဉ်တွေအတိုက်ခံရပြီး ငွေညှစ်တဲ့အလေ့အထကတော့ ရှိနေဆဲပါ။ ဒါပေမယ့် ဒီဘက်ခေတ်မှာ တစ်ခု ကောင်းတာက ကားတွေမှာ Dash Cam တွေ တပ်ဆင်လာလို့ ဘယ်သူက မှားတယ်မှန်တယ်ဆိုတာ ချက်ချင်းဖြေရှင်းလို့ရတဲ့ အနေအထား ဖြစ်လာပါတယ်။

အခုလည်း အမျိုးသားတစ်ယောက်ဟာ ကားတိုက်ခံရဟန် ဆောင်တဲ့နေရာမှာ ပိရိသေသပ်လွန်းလို့ အော်စကာဆုတောင် ပေးသင့်တယ်လို့ မူလသတင်းက သရော်ထားပါတယ်။ သူဟာ ကားတစ်စီးမောင်းလာချိန်မှာ ပွတ်ကာသီကာတောင် မဟုတ်ဘဲ ခပ်လှမ်းလှမ်းအရောက်မှာ ပစ်လဲချလိုက်တာပါ။

ဒီအဖြစ်အပျက်ကို ကားရဲ့ Dash cam က ရှင်းလင်းစွာ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ စင်္ကာပူနိုင်ငံ၊ Yishun Avenue 4 က HDB အိမ်ခြံမြေအနီးမှာ ဖြစ်ခဲ့တာပါ။ ကားဟာ ဖြေးဖြည်း ပုံမှန်လေး မောင်းလာခဲ့ပေမယ့် လူလိမ်က သိသိသာသာ လဲချခဲ့တာပါ။

နောက် အဲဒီလူဟာ ကားဆီကို တစ်ချက်လှမ်းကြည့်ပြီး၊ ဖြေးဖြေးပြန်ထကာ လမ်းလျှောက်ပြန်ပါတယ်။ အဲဒီနောက် ဒုတိယအကြိမ် ကားနဲ့ထပ်ပြီးတိုက်မိသယောင် ဆက်ပြီးဟန်ဆောင်ခဲ့ပြန်ပါတယ်။ ဗွီဒီယိုဖိုင်မှာ အသံတော့ မပါပါဘူး။ ဒါပေမယ့် သေချာတာကတော့ ဒီလူလိမ်ရဲ့လုပ်ရပ် မအောင်မြင်ခဲ့ဘူးဆိုတာပါဘဲ။

လင်းသူရိန်

SHARE