ကလေးအယောက် (၅,၀၀၀)ကျော်ကို ဖမ်းပြီး မှောင်ခိုဈေးကွက်မှာ ရောင်းချခဲ့သူ

Special Collections Department/University of Memphis

ခေါင်းစဉ်ကို ကြည့်ပြီး တကယ် ဟုတ်ရော ဟုတ်ရဲ့လားလို့ အတွေးတွေဝင်ကောင်း ဝင်နိုင်ပါတယ်။ ဟုတ်ပါတယ်။ တကယ့်ကို ကလေးပေါင်း အယောက် ငါးထောင်ကျော်ကို ဖမ်းဆီးပြီး မှောင်ခိုဈေးကွက်အတွင်းမှာ ရောင်းချခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုပါ။ ပိုဆိုးတာက ဒီလို ကလေးငယ်တွေကို ဖမ်းပြီး ရောင်းစားနေခဲ့တာကို နှစ်ပေါင်း ၃၀ လောက်မှ သိခွင့်ရခဲ့တာပါပဲ။ ဟုတ်ပါတယ်။  တကယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးတွေနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေထဲမှာ ကလေးအနိုင်ကျင့်မှု၊ ကလေးမုဒိန်းအမှုတို့အပြင် ကလေးခိုးမှုဆိုတဲ့ အမှုကလည်း ကြီးလေးပြီး ပြစ်ဒဏ်ကြီးမားတဲ့ ရာဇဝတ်မှုတစ်ခုလည်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀ ရာစုနှစ်မှာ ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

ဖြစ်စဉ်အကျဉ်း

အမေရိကန်နိုင်ငံမှာ The Tennessee Children’s Home Society လို့ ခေါ်တဲ့ မိဘမဲ့ဂေဟာတစ်ခုရှိပါတယ်။ အဆိုပါ မိဘမဲ့ ဂေဟာကို အုပ်ချုပ်တဲ့ အမျိုးသမီးကတော့ Georgia Tann ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သူက ကလေးငယ်တွေကို အတင်းအကြပ်ရောင်းချခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ ကလေးမွေးစားချင်တဲ့သူတွေဟာ မိဘမဲ့ဂေဟာအတွင်းမှာ လာရောက် ရွေးချယ်ကာ စာချုပ်စာတမ်းများ၊ ကလေးငယ်ရဲ့ ဆန္ဒ စတဲ့ အချက်အလက်တွေနဲ့ ညီမှ ကလေးမွေးစားခွင့်ရှိတာပဲဖြစ်ပါတယ်။ ဒါပေမယ့်  Georgia Tann ရဲ့ ဂေဟာမှာတော့ ဒီလိုမဟုတ်ပါဘူး။ ကလေးမွေးစားချင်သူတွေဟာ သူတို့မွေးစားချင်တဲ့ ကလေးငယ်တွေကို အခကြေးငွေနဲ့ ဝယ်ယူရတာဖြစ်ပြီး ဂေဟာကလည်း ကလေးငယ်များကို ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းချပါတယ်။ အထူးသဖြင့် ရွှေရောင်ဆံပင်၊ မျက်ဆံအပြာနဲ့ လူဖြူကလေးငယ်များကို ဈေးများစွာတင်ပြီး ရောင်းချတာပဲဖြစ်ပါတယ်။

Special Collections Department/University of Memphis

ကလေးတွေကို ဘယ်ကနေ ခိုးခဲ့သလဲ

ဒီလို ရောင်းချဖို့အတွက် ကလေးငယ်တွေကို ဘယ်ကနေရသလဲဆိုတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ သူ ရောင်းချဖို့ ကလေးငယ်တွေကို ဘဘယ်ကနေ ခိုးလာသလဲ၊ ဘယ်လိုလူတွေဆီကနေ ရလာသလဲ။

ဟုတ်ပါတယ်။ သူဟာ ကလေးငယ်တွေ၊ မွေးကင်းစ ကလေးတွေကို ဆင်းရဲတဲ့ မိသားစုတွေ၊ ငွေရေးကြေးရေး အဆင်မပြေတဲ့ မိသားစုတွေဆီက ခိုးယူခဲ့တာပါ။

ဆင်းရဲတဲ့ မိသားစုတွေဟာ သူတို့ရဲ့ ကလေးတွေ မကြာခဏ ပျောက်ဆုံးမှုတွေဖြစ်လို့ ရဲတိုင်ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ မိဘမဲ့ကျောင်းကို အုပ်ချုပ်တဲ့  Georgia Tann ကိုယ်တိုင်က သူတို့မြို့က ရဲတွေ၊ မြို့တော်ဝန်အပါအဝင် အထက်အရာရှိတော်တော်များများနဲ့ ခရိုနီတွေနဲ့ အင်မတန်ရင်းနှီးနေခဲ့လို့ပါပဲ။ ဒီလို အကာအကွယ်တွေနဲ့ အင်အားကောင်းနေတဲ့  Georgia Tann ရဲ့ ကလေးခိုးမှုတွေဟာ နှစ်ပေါင်းများစွာတိုင်အောင် လူမသိသူမသိ ဖြစ်နေဆဲပါပဲ။ ဒါကြောင့်လည်း Georgia Tann ရဲ့ ကလေးခိုးယူခြင်းတွေမှာ ရဲတွေဟာ တချို့နေရာတွေမှာ သူတို့ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ဝင်ပြီး ပါဝင်နေသလိုပဲ ဖြစ်ပါတယ်။

ဒီလို ဆင်းရဲတဲ့ မိသားစုတွေ၊ ငွေကြေးအဆင်မပြေတဲ့မိသားစုတွေဆီကနေ ကလေးငယ်များကို ခိုးယူနေခဲ့တာဟာ  Georgia Tann အတွက် မလုံလောက်ခဲ့ပါဘူး။ သူ လိုအပ်တဲ့ ကလေးအရေအတွက်ကို ရဖို့အတွက် နောက်ထပ်တစ်နေရာက ခိုးယူဖို့ ကြိုးစားပါတော့တယ်။

သူ့ရဲ့ ဒုတိယမြောက်ကလေးခိုးယူတဲ့ နေရာတွေကတော့ ဆေးရုံနဲ့ ထောင်တွေမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ဆေးရုံတွေမှာ မွေးကင်းစ အရွယ်ကလေးများကို ခိုးယူပါတော့တယ်။ ဒီလို မွေးကင်စ ကလေးတွေ၊ အရွယ်ငယ်သေးတဲ့ ကလေးငယ်တွေကို ဆေးရုံမှာ ခိုးဖို့အတွက်လည်း သူ(မ)ဟာ ဆေးရုံစောင့်တွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေကို လာဘ်လာဘများစွာ ထိုးပြီး ခိုးယူခဲ့တာပါ။ အဆိုပါ ဆရာဝန်တွေ၊ အစောင့်တွေ၊ သူနာပြုတွေကလည်း အံ့အားသင့်စရာ လူမဆန်တဲ့ သူတွေလို့ ပြောရမှာပါပဲ။ သူတို့ကိုယ်တိုင် မျက်နှာလွှဲ ခဲပစ်ပြီး အခကြေးငွေနဲ့ ပြုမူခဲ့လို့ပါပဲ။

ကလေးတစ်ယောက်ကို ငွေဘယ်လောက် 

READ
အမေရိကန်သမ္မတတွေ တာဝန်မထမ်းဆောင်ခင်နဲ့ ထမ်းဆောင်ပြီးနောက် ပြောင်းလဲသွားပုံများ

ဒီလို ခိုးယူလာခဲ့တဲ့ ကလေးငယ်တွေကို ခိုးယူပြီး ရောင်းချတဲ့ နေရာမှာလည်း မိဘမဲ့ဂေဟအနေနဲ့ ရောင်းချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကလေးလိုချင်တဲ့ မွေးစားချင်တဲ့ မိသားစုတွေဟာ မိဘမဲ့ဂေဟာကို လာရောက်ပြီး စိတ်ကြိုက်ကလေးငယ်များကို ရွေးချယ်ကာ အခကြေးငွေနဲ့ ဝယ်ယူကြပါတယ်။ အထူးသဖြင့် ချစ်စရာကောင်းတဲ့ ကလေးတွေဟာ ဈေးကောင်းပိုရလေ့ရှိပြီး ပုံမှန်အားဖြင့်တော့ ကလေးတစ်ယောက်ကို ဒေါ်လာ ၅၀၀၀ အထိတန်ကြေးနဲ့ ရောင်းချခဲ့တာပါ။ ယနေ့ခေတ်ငွေကြေးနဲ့ တွက်ရင်တော့ ဒေါ်လာ ခုနှစ်သောင်းဝန်းကျင်ရှိပါတယ်။

အသေအပျောက်များလည်းရှိ

ဒီလို ကလေးပေါင်းများစွာကို ခိုးယူထားခဲ့တဲ့ ဂေဟာဟာ ကလေးတွေကို အသေအပျောက်မရှိဘဲ ထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

လူ့အသက်တစ်ချောင်းကို ကုန်ပစ္စည်းတစ်ခုလို ရောင်းချဖို့ ပြင်ဆင်နေတဲ့ အဆိုပါ ဂေဟာမှာ ကလေးငယ်တွေကို ဂရုမစိုက်မှု၊ ကျန်းမာရေးမထောက်ပံ့နိုင်မှုတွေကြောင့် သေဆုံးမှုများလည်း ရှိခဲ့ပါတယ်။ စုစုပေါင်း ကလေးအယောက် ငါးရာကျော်ဟာ ဖမ်းဆီးထားစဉ်အတွင်းမှာ သေဆုံးခဲ့ရပါတယ်။

Wikimedia Commons

နိဂုံး

READ
တိရစ္ဆာန်တွေအကြောင်း ထူးထူးခြားခြားဗဟုသုတ(၁၀)ခု

ဒီလို ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင်လုပ်နေတဲ့ Georgia Tann ဆိုသူ အမျိုးသမီးရဲ့ နိဂုံးရောက်လာခဲ့တော့တယ်။ သူ(မ)ကို ကလေးခိုးယူမှုတွေ၊ ရာဇဝတ်မှုတွေကို ကာကွယ်ပေးနေတဲ့ မြို့တော်ဝန်ဖြစ်သူ Crump ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ 

Georgia Tann ဟာ သူ(မ)ရဲ့ မိတ်ဆွေဖြစ်တဲ့ မြို့တော်ဝန်ဟောင်း ပြုတ်သွားပြီး ကတည်းက သူ(မ)အတွက် အခြေအနေမဟန်တော့ဘူးဆိုတာကို ရိပ်မိခဲ့တာဖြစ်ပြီး သူ(မ)ရဲ့ အလုပ်တွေ၊ သက်သေတွေကို ကြိုတင်လက်စဖျောက်စေခဲ့ပါတယ်။

သူ့နောက်မှာ တက်လာတဲ့ မြို့တော်ဝန်အသစ်ဖြစ်သူ Gordon Browningဟာ နာမည်ကြီးနေတဲံ ကလေးခိုးမှုတွေအတွက် တိုင်ချက်ဖွင့် စုံစမ်းစစ်ဆေးရာမှာတော့ Georgia Tann ဖြစ်နေတယ်ဆိုတဲ့ အဖြေဟာ ဘွင်းဘွင်းကြီးပေါ်လာခဲ့ပါတော့တယ်။

နောက်ဆုံးမှာ Georgia Tann ဘယ်လိုဖြစ်သွားလဲ

Georgia Tann ဆိုတဲ့ ရက်စက်တဲ့ အမျိုးသမီးကြီးရဲ့ နောက်ဆုံးအဆုံးသတ်ဘဝဟာ ဘယ်လိုဖြစ်သွားသလဲ။ သူ(မ)ဟာ အမှုစစ်ဆေးနေစဉ်အတွင်းမှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

သူ ကွယ်လွန်ပြီး (၂)လအကြာမှာတော့ မိဘမဲ့ဂေဟာကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

Ye Yint Kyaw

Reference : Alltheinterestingthings , wikipedia

SHARE