တရားခွင်မှာ မစင်စွန့်ပြီး တရားသူကြီးကို မစင်နဲ့ပစ်ပေါက်တဲ့ တရားခံ၊ အမှုတွေထပ်တိုးဖို့ ရှိနေ

နေအိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်ရောက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ Dorleans Philidor အမည်ရ အမျိုးသားဟာ အခုအခါမှာ တရားခွင်မှာ တရားသူကြီးနဲ့အချင်းများပြီး မစင်နဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့ပြန်ပါတယ်။ Dorleans ဟာ အသက် (၃၃)နှစ် ဖြစ်ပြီး၊ သူ့ကို Miami Friday က တရားရုံးမှာ ရုံးတင်နေတာပါ။

သူဟာ ပြီးခဲ့တဲ့သောကြာနေ့က နေအိမ်တစ်ခုအတွင်း ခိုးဖို့ရန် အကြံအစည်နဲ့ ဖောက်ထွင်းဝင်ရောက်ခဲ့ရာ၊ အိမ်ရှင်က သိရှိပြီး ရဲကို အကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက် ချက်ချင်း အဖမ်းခံခဲ့ရတာပါ။ တရားခွင်မှာ Miami-Dade Court တရားသူကြီး  Lisa Walsh နဲ့ အပြန်အလှန် စကားများခဲ့ပါတယ်။

Judge Lisa Walsh/Instagram

အဲဒီနောက် သူ့အတွက် သီးခြားထားတဲ့ ဝက်ခြံထဲမှာပဲ အလေးစွန့်ပြီး တရားသူကြီး Lisa Walsh ကို မစင်နဲ့ ပစ်ပေါက်ကာ “ အဲဒါ ပရိုတိန်းပါတယ် … မင်းအတွက် ကောင်းတယ် ”လို့ အော်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် မစင်ကတော့ ဘယ်သူ့ကိုမှ မထိမှန်ခဲ့ပါဘူးတဲ့။ ရှေ့နေတွေကတော့ သူတို့ကို မစင်ထိမှာစိုးလို့ လွတ်ရာကို ရှောင်တိမ်း ပြေးကြတယ်လို့ သိရပါတယ်။

ရုံတင်စစ်ဆေးခဲ့ရာ နေရာကတော့ Eleventh Judicial Circuit of Florida မှာဖြစ်ပြီး၊ ရဲတွေက Dorleans ကို အမြန်ထိန်းသိမ်းခဲ့ရပါတယ်။ သူဟာ အဖမ်းခံရစဉ်ညတုန်းကလည်း သူ့ကို ချုပ်နှောင်ထားတဲ့ Cell ထဲကနေ အခုလို ပြုမူတိုက်ခိုက်ခဲ့လို့ အမှု ထပ်တိုးခံထားရသူပါ။

အခုအခါမှာတော့ Dorleans ဟာ တရားရုံး မထီမဲ့မြင်ပြုမှု၊ တရားသူကြီးကို ကိုယ်ထိလက်ရောက် ရန်ပြုရန် ကြံရွယ်မှု၊ တရားခွင်မှာတောင် ညစ်ညမ်းတဲ့ အပြူအမူကို ပြုမူပြောဆိုမှု စတဲ့ တရားရုံးအက်ဥပဒေတွေနဲ့ ထပ်ပြီး အမှုတွေ တိုးခံရဖို့ ရှိနေပါတယ်။

သူလုပ်ရပ်ကြောင့် တရားရုံးဝန်ထမ်းတွေဟာ ညစ်ပတ်နေတဲ့ ကြမ်းပြင်တွေကို ဆေးကြောသန့်စင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီအပြုအမူကြောင့် ဒေါက်တာတစ်ဦးကတော့ Dorleans ဟာ သူရဲ့ပြစ်မှုကို သူက စိတ်ကစဥ့်ကလျား ဖြစ်နေတဲ့ပုံစံနဲ့ ဖုံးကွယ်ဖို့ ကြိုစားနေပုံရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီအကြောင်းတွေကိုတော့ Miami မြို့အခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ Miami Herald က ဖော်ပြခဲ့တာပါ။

လင်းဇော်ကို (Shwemom)

SHARE