အလျှံတညီးညီး ဖြစ်နေတဲ့ မီးတောင်မျက်နှာဝကိုဖြတ်ပြီး ကြိုးတန်းမှာ လမ်းလျှောက်ပြခဲ့သူ

YouTube/ABCNews

အကြောက်အလန့် ကင်းမဲ့တဲ့ လူစွန့်စားတစ်ယောက်ကတော့ ပေ(၁၈၀၀)အကျယ်ရှိတဲ့ အလျှံတညီးညီး မီးတောင်မျက်နှာဝကို ကြိုးတန်းဖြတ်လျှောက် စတန့်ပြပြီး၊ အားလုံးကို အံ့အားသင့်အောင် လုပ်လိုက်ပါတယ်။ လူစွန့်စားရဲ့အမည်ကတော့ Nik Wallenda ဖြစ်ပြီး၊ သူဟာ မီးတောင်ဝကို ဖြတ်လျှောက်နေချိန် အပူချိန်ကြောင့် ချွေးတဒီးဒီး ကျနေပါတယ်။

Nik ဟာ နီကာရာဂွါနိုင်ငံအတွင်းမှာတည်ရှိတဲ့ မာဆာယာမီးတောင်မှာ အခုလို အန္တရာယ်ရှိတဲ့ ပြကွက်ကို ပြသခဲ့တာပါ။ မီးတောင်နှုတ်ခမ်းဝမှာတောင် အပူချိန်ဟာ မြင့်မားလွန်းပြီး၊ အတွင်းမှာလည်း ချော်ရည်ပူတွေက တဗွမ်းဗွမ်းနဲ့ဆူပွက်နေတာကို အသည်းယားဖွယ် မြင်တွေ့ရမှာပါ။ အမြင့်ပေကတော့ (၂၀၈၃)ပေ ဖြစ်ပါတယ်။

Nik ဟာ ပြီးခဲ့တဲ့ မတ်လ(၄)ရက် ဗုဒ္ဓဟူးနေ့မှာ အခုလို အန္တရယ်များလွန်းတဲ့ စတန့်ကို ပြုလုပ်ခဲ့တာပါ။ ကံမကောင်း အကြောင်းမလှရင်တော့ သူဟာ ဘေးဒုက္ခတစ်ခုခု ဖြစ်သွားနိုင်ပါတယ်။ သူဟာ အသက်(၄၁)နှစ် ရှိနေပြီဖြစ်ပြီး၊ ပရော်ဖက်ရှင်နယ် ကြိုးတန်းလမ်းလျှောက်သမား ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို ငရဲပြည်ရဲ့ ခံတွင်းဝကို ဖြတ်ကျော်ခြင်းဆိုပြီး တင်စားထားပါတယ်။

ဟိုဘက်သည်ဘက် လမ်းလျှောက်ချိန်မှာ အချိန် မိနစ်(၃၀)သာ ကြာမြင့်ခဲ့ပါတယ်။ စတန့်သမားအဖြစ်လည်း ရပ်တည်နေတဲ့ Nik ဟာ ဒီပညာကို မိသားစုအစဉ်အဆက် ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီပညာကိုဆက်ခံတဲ့ Wallenda မိသားစုရဲ့ (၇)ဆက်မြောက် မျိုးဆက်ဖြစ်ပါတယ်။ သူတို့မျိုးဆက်မှာ လူစွန့်စားတွေ၊ စတန့်သမားတွေ၊ ဆပ်ကပ်ပညာရှင်တွေချည်း ဖြစ်ပါတယ်။

Nik ရဲ့ စွန့်စားမှုကို ကင်မရာ(၁၇)လုံး၊ Drone (၄)စင်းစသည်တို့နဲ့ မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး၊ Nik ရဲ့အဖြစ်ကို ကြည့်ကာ ပရိသတ်မှာ ရင်တမမနဲ့ စိုးရိမ်ကြီးစွာ ဖြစ်ခဲ့ရပါတယ်။ ကြိုးတန်းရဲ့အဆုံးကို အောင်မြင်စွာ ရောက်ရှိသွားကာမှ ဟင်းကနဲ သက်ပြင်းချနိုင်ခဲ့တဲ့အဖြစ်ပါ။ အခု စွန့်စားမှုဟာ သူ့အတွက်တော့ အရှည်လျှားဆုံး ကြိုးတန်းလမ်းလျှောက်ခြင်းဖြစ်သလို၊ အန္တရာယ်အရှိဆုံးလည်း ဖြစ်ပါတယ်။

ဒီစတန့်ပွဲမတိုင်ခင်မှာပဲ Nik ရဲ့ဇနီးချော Erendira က သူမအထူးကျွမ်းကျင်တဲ့ ကြိုးတန်းစတန့်နဲ့ Nik ရဲ့အစွမ်းပြပွဲကို ဖွင့်လှစ်ပေးခဲ့တာပါ။ Nik ရဲ့ညီမ Lijana ကလည်း လူစွန့်စားအမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး၊ (၂၀၁၉)ခုနှစ် ဇွန်လတုန်းက အစ်ကိုဖြစ်သူနဲ့အတူ တိုင်းမ်စကွဲရင်ပြင်ထက်မှာ ကြိုးတန်း လမ်းလျှောက်ခဲ့ပါသေးတယ်။ ရင်ပြင်ရဲ့ တစ်ဖက်တစ်ချက်ဆီက (၂၅)ထက်အဆောက်ဦနှစ်ခုကို ဟိုဘက်သည်ဘက် ကူးပြခဲ့တာ ဖြစ်ပါတယ်။

လင်းသူရိန်

SHARE