လမ်းပျောက်နေတဲ့ ကလေးကို အိမ်ပြန်လိုက်ပို့ပေးလို့ ချီးကျူးခံနေရတဲ့ ဘတ်စ်ကားဒရိုင်ဘာ

Facebook/TransportCanberra

ဘတ်စ်ကားမောင်းတဲ့ဦးလေးကြီးတွေက အသက်တစ်ချောင်းကို ကယ်တင်ခဲ့တဲ့ သတင်းတွေ၊ သတ္တဝါလေးတွေကို ကယ်တင်နိုင်ခဲ့တဲ့ သတင်းတွေ ဖတ်ဖူးကြမှာပါ။ အခုတစ်ခေါက်ကေတာ့ ဘတ်စ်ကားမောင်းတဲ့ ဒရိုင်ဘာကြီးတစ်ယောက်ဟာ လမ်းပျောက်နေတဲ့ ကလေးငယ်တစ်ယောက်ကို အိမ်ပြန်လိုက်ပို့ခဲ့တာပါ။ ဒီလို အိမ်ပြန်လိုက်ပို့ပြီးတဲ့အခါမှာလည်း လူတွေက သူ့ရဲ့ လုပ်ရပ်ကြောင့် သူရဲကောင်းတစ်ယောက်လို ချီးကျုးဂုဏ်ပြုခဲ့ကြပါတယ်။

သြစတေးလျနိုင်ငံ၊ Canberra မြို့က ဘတ်စ်ကားမောင်းတဲ့ လူတစ်ယောက်ပါ။  Jeet Gill လို့ ခေါ်ပါတယ်။ သူဟာ ဘတ်စ်ကားမောင်းနေရင်းနဲ့ လမ်းပေါ်မှာ လမ်းပျောက်နေတဲ့ ကလေးငယ်တစ်ယောက်ကို တွေ့ခဲ့ပါတယ်။ သူဟာ အဲဒီ ကလေးငယ်ဘေးနားကို ကြည့်လိုက်ပါသေးတယ်။ ကလေးငယ်နံဘေးနားမှာ အတူပါလာတဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတစ်ယောက်ယောက်များ ပါလာမလားဆိုပြီးတော့ ကြည့်လိုက်ပါတယ်။ ဒါ့အပြင် ဘေးပတ်ဝန်းကျင်ကိုလည်း ကလေးငယ်ရဲ့ အုပ်ထိန်းသူရှိနေမလားဆိုပြီး လိုက်ရှာခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက်မှ မတွေ့ရပါဘူး။ ကလေးငယ်ဟာ တစ်ယောက်တည်း လမ်းပေါ်မှာ ကျန်ရှိနေခဲ့တာပါ။

Facebook/TransportCanberra

အဲဒီ ကလေးငယ်ဟာ  Jeet Gill ရဲ့ ဘတ်စ်ကားရှိရာ နေရာကို ရောက်ရှိလာပြီး သူ သွားရမယ့်နေရာနဲ့ လမ်းလွှဲနေကြောင်း၊ လမ်းပျောက်နေကြောင်းကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ်ဟာ သူ အခု ရောက်နေတဲ့ နေရာကိုလည်း မသိပါကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ အဲဒီလို လမ်းပျောက်နေတဲ့ ကလေးငယ်ကို တွေ့တဲ့ အချိန်ဟာ ဘတ်စ်ကားဆရာကြီး Jeet Gill ရဲ့ အလုပ်ဆင်းတဲ့အချိန်ပါ။ နေ့စဉ် ထမ်းဆောင်နေကြ ဘတ်စ်ကားမောင်းရတဲ့ အလုပ်ကနေ ပြန်လာခဲ့သူပါ။

ကလေးငယ်ကို တွေ့တာနဲ့ သူဟာ ဘတ်စ်ကားရုံးချုပ်ဆီကို ဖုန်းဆက်ခဲ့ပါတယ်။ လမ်းပျောက်နေတဲ့ ကလေးငယ်တစ်ယောက်ကို တွေ့ရှိကြောင်းနဲ့ ကလေးအတွက် အိမ်ကို လိုက်ရှာဖို့အတွက်  ဘတ်စ်ကားကို အသုံးပြုချင်သေးကြောင်း လှမ်းအကြောင်းကြားခဲ့ပါတယ်။

ခွင့်ပြုကြောင်း အမိန့်ရလာတဲ့ တပြိုင်နက် Jeet Gillဟာ ကလေးငယ်ကို ဘတ်စ်ကားပေါ်တင်ပြီး ကလေးရဲ့ အိမ်ကို မြို့အနှံ့လိုက်ရှာခဲ့ကြပါတယ်။  သိပ်မကြာခင်အချိန်မှာပဲ ကလေးငယ်ရဲ့ အိမ်ကို တွေ့ရှိသွားပြီး မိဘတွေရဲ့ လက်ထဲကို ကလေးကို ထည့်ပေးလိုက်ခဲ့တာပါ။

ဒီအကြောင်းကို Jeet Gill က အခုလိုပြောခဲ့ပါတယ်။ “မိဘတွေက သိပ်ကို ပျော်ရွှင်ပြီး ကျေးဇူးတင်နေကြတယ်။ သူတို့ ကလေး လုံခြုံနေတာကို သူတို့ သိသွားလို့ ပျော်ရွှင်နေတာကို မြင်ရတာ တကယ့်ကို ကြည်နူးစရာပါ”

“ဒီကလေးဟာ ကျနော့်ကလေးလေးဆိုရင် ဘယ်လိုခံစားရမလဲဆိုတာ တွေးလိုက်မိတာပေါ့။ ဒီလို တွေးမိလိုက်လို့လည်း အခုလို ကူညီခဲ့တာပါ။ သူ့ကို ကျနော် တွေ့တုန်းက ကျနော့်ရဲ့ ကလေးကို သွားမြင်တယ်။ ဒီနောက်မှာတော့ ဘာပြဿနာမှမရှိဘူး။ ငါ့အလုပ်ကို ငါ လုပ်ရမယ်ဆိုပြီး ကူညီခဲ့တာပါ”

When our bus driver Jeet spoke with a lost child towards the end of his route he knew what to do to save the day!You…

Posted by Transport Canberra on Thursday, February 27, 2020

“ကျနော့် သူငယ်ချင်းမိတ်ဆွေတွေကတော့ ကျနော့်ကို ဒီနေ့ မင်း အိမ်တိုင်ရာရောက် delivery  အလုပ်တွေ လုပ်နေပြီလားလို့ စနောက်နေကြသေးတယ်။ ဒါနဲ့ ကျနော်လည်း ဟုတ်တယ်။ တစ်ခါတစ်ရံတော့လည်း ငါတို့ အဲဒီလို အိမ်အရောက်ပို့လုပ်ပေးရတယ်လို့ ပြန်ပြောလိုက်တယ်” 

ကလေးရဲ့ မိဘဖြစ်သူတွေကတော့ ကလေးငယ်ပျောက်သွားတာကို စိုးရိမ်ထိတ်လန့်ခဲ့ကြတာပါ။ သူတို့ဟာ ကလေးငယ်ကို ကျောင်းမှာ နောက်ဆုံးတွေ့ခဲ့ရပြီးမှ လမ်းပျောက်သွားတာဖြစ်လို့ ပြောပါတယ်။ ကလေးငယ် အိမ်ပြန်လာမလားဆိုပြီး  အိမ်မှာပဲ စောင့်နေခဲ့ပေမယ့် ကလေးဟာ ပြန်ရောက်မလာတာကြောင့် သူတို့ရဲ့ စိုးရိမ်ပူပန်မှုဟာ မြင့်တက်လာခဲ့ပါတယ်။

အခုတော့ တာဝန်သိလွန်းတဲ့ ဘတ်စ်ကားဒရိုင်ဘာကြီးတစ်ယောက်ရဲ့ ကူညီမှုကြောင့် ကလေးငယ်ဟာ အိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

 

READ
တောက်တဲ့စားရဲတယ်ဆိုပြီး၊ တကယ်စားပြတဲ့သူ (၁၀)ရက်အကြာမှာ သေဆုံး

Ye Yint Kyaw

SHARE