အိမ်အကူမလေးကို ကိုယ့်သွားကိုယ် ပြန်ရိုက်ချိုးခိုင်းတဲ့ အိမ်ရှင်အမျိုးသမီးကို ရဲကဖမ်းဆီး

Freepik/Pexels

စင်္ကာပူနိုင်ငံက အိမ်ရှင်အမျိုးသမီးတစ်ဦးဟာ အိမ်အကူအဖြစ် အခပေးစေခိုင်းတဲ့ ကောင်မလေးကို ရက်ရက်စက်စက် နှိပ်စက်ခဲ့ပါတယ်။ သူမဟာ အဲဒီအိမ်အကူမလေးကို ကိုယ့်သွားတွေကိုယ် ပြန်ရိုက်ချိုးဖို့ စေခိုင်းခဲ့တာပါ။ အဲဒီကောင်မလေးဟာ အသားစင်းကောထုတဲ့ တူနဲ့ ကိုယ့်ပါးကို အချက်(၅၀)လောက် ရိုက်ခဲ့ရပါတယ်။

အိမ်အကူမလေးရဲ့အမည်ကတော့ Yuni Dwi Lestari ဖြစ်ပြီး၊ အသက်(၂၅)နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသူပါ။ သူမဟာ ဒီလို လူမဆန်တဲ့ နှိပ်စက်မှုကို ပြီးခဲတဲ့နှစ် ဖေဖော်ဝါရီ(၄)ရက်နေ့က ခံခဲ့ရတာပါ။ အချက်(၅၀)လောက် ရိုက်ထားတဲ့ ပါးနှစ်ဘက်မှာ ယောင်ကိုင်းနေပြီး နောက်တော့ သွားသုံးချောင်း ကြွေကျခဲ့တယ်လို့ The Straits Time သတင်းစာက ဖော်ပြခဲ့ပါတယ်။

Amazon.com

တကယ်က Yuni ဟာ မီးဖိုချောင်ပြတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်ရာမှာ လက်ဗွေရာတွေ မပြောင်ဘူးလို့ အပြစ်ဖို့ခံရပြီးနောက် အထက်ပါ နှိပ်စက်မှုကို ခံခဲ့ရတာပါ။ ဒီလို သွားသုံးချောင်း ကြွေကျတာကိုတောင် အိမ်ရှင်အမျိုးသမီး Mun Sau Yeng က မကျေနပ်သေးဘဲ၊ အသားထုတဲ့တူကို ယူပြီး Yuni ရဲ့ပါးစပ်ကို တစ်ချက်ထုခဲ့ပါတယ်။ သွားတစ်ချောင်း ထပ်ပြီး ကျိုးခဲ့ပါတယ်။

ဒါဟာ အသက်(၄၀)အရွယ် အိမ်ရှင် Mun ရဲ့ လူမဆန်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ် ဇန်နဝါရီနဲ့ ယမန်နှစ် ဖေဖော်ဝါရီအတွင်း ညှဉ်းပန်းနှိက်စပ်မှု အကြိမ်းပေါင်း ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဒါကြောင့် Yuni ဟာ ဘယ်လိုမှ သည်းမခံနိုင်တော့တာကြောင့် အိမ်အကူတွေကို အကူအညီပေးနေတဲ့အဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။

အဲဒီနှစ် ဖေဖော်ဝါရီ (၁၅)ရက်မှာ ဆက်သွယ်တိုင်ကြားခဲ့တာပါ။ အဖွဲ့အစည်းအမည်ကတော့ Centre for Domestic Employees (CDE) ဖြစ်ပြီး (၂၀၁၆)ခုနှစ်မှာ National Trades Union Congress က အိမ်အကူတွေကို ကူညိပေးဖို့အတွက် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ CDE က ဒီဖြစ်စဉ်ကို ချက်ချင်းအရေးယူခဲ့ပြီး၊ ရဲစခန်းမှာ အမှုဖွင့်ပေးခဲ့ပါတယ်။

Mun ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီ (၂၀)ရက်က ခရိုင်တရားရုံးမှာ Mun က အိမ်အကူကို နှိပ်စက်ခဲ့ကြောင်း စွပ်စွဲခံရမှုသုံးမှုကို အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ Yuni နဲ့ အခြားအိမ်ဖော်တွေကို နှိပ်စက်ခဲ့တဲ့ တစ်ခြားအလားတူပြစ်မှု (၄)မှုမှာကိုလည်း ထပ်မံရင်ဆိုင်နေပါတယ်။

Twitter/MuhamadImaduddien

သူမဟာ Yuni ကို ညစာလည်း အငတ်ထားပြီး၊ ညပိုင်းမှာ ငါးသေတ္တာတစ်ဘူးကိုသာ စားဖို့ ခွင့်ပြုခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။ သူမဟာ (၂၀၁၈) ခုနှစ် ဧပြီလမှာ Mun ရဲ့အိမ်ကို ရောက်လာခဲ့တာပါ။ ဒါပေမယ့် (၂၀၁၉) ဖေဖော်ဝါရီအထိ ကာလအတွက် ရက်စက်စွာ နှိပ်စက်ခံခဲ့ရပါတယ်။ သူမရဲ့မျက်နှာကို ပြန်ရိုက်နေချိန်မှာ အချက်ရေကိုတောင် ရေခိုင်းပါသတဲ့။

ဒီလို နှိပ်စက်တာတောင်မှ ဒေါက်တာဆီကို ပြမပေးခဲ့ပါဘူး။ သူမ လုပ်ထားတာတွေ ပေါ်ကုန်မှာစိုးလို့ အိမ်တွင်းပုန်းခိုင်းပါသတဲ့။ Mun ဟာ အိမ်ဖော်ကို နှိပ်စက်ထားတာ ခင်ပွန်းက သိမှာစိုးလို့ ခင်ပွန်းပြန်လာချိန် ဒဏ်ရာတွေမပျောက်ရင် အိမ်ထဲပဲ နေခိုင်းပါသတဲ့။ မလွှဲမရှောင်သာ ဝေယျာဝစ္စလုပ်ပေးရရင်လည်း ခေါင်းကို ငုံ့ခိုင်းတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သူမရဲ့ လူမဆန်မှုကြောင့် သူမအနေနဲ့ ဒဏ်ခပ်ခံရတော့မှာပါ။

လင်းဇော်ကို

SHARE