ဒီအချက်တွေနဲ့ကိုက်ညီမှ သူငယ်ချင်းကောင်းလို့ခေါ်ပါတယ်

လောကမှာ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေ အများကြီးရှိကြမှာပါ။ ဒါပေမယ့် လူတိုင်းကတော့ သူငယ်ချင်းကောင်း ဖြစ်မှာမဟုတ်ပါဘူး။ တစ်ချို့လူတွေရဲ့ ဘဝမှာ သူငယ်ချင်းကောင်း(၁)ယောက်ရှိတယ်၊ တစ်ချို့လူတွေရဲ့ ဘဝမှာ သူငယ်ချင်းကောင်း (၂)ယောက်ရှိတယ်။ ဒါပေမယ့် တစ်ချို့လူတွေရဲ့ ဘဝမှာတော့ သူငယ်ချင်းကောင်းတစ်ယောက်မှ မရှိပါဘူး။ တကယ်လို့ သင့်မှာ ဒီအချက်တွေနဲ့ကိုက်ညီတဲ့ သူငယ်ချင်းမျိုးရှိရင် သူဟာ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တာကြောင့် သင်ကံကောင်းပါတယ်။

(၁) လိုအပ်တဲ့အချိန်တိုင်းအဆင်သင့်ရှိတယ်

စစ်မှန်တဲ့သူငယ်ချင်းကောင်းဆိုတာ သင့်အနားမှာ တစ်ချိန်လုံးရှိနိုင်ချင်မှ ရှိနိုင်မယ်။ ဒါပေမယ့် သင်လိုအပ်တဲ့အချိန်မှာတော့ သင့်အနားမှာ မရှိနိုင်သည့်တိုင် သင့်ကို အချိန်ပေးနိုင်တဲ့ သူငယ်ချင်းမျိုးဖြစ်ပါတယ်။ သင်ဝမ်းနည်းတဲ့အချိန်၊ အဖော်မဲ့နေတဲ့အချိန်၊ အားငယ်နေတဲ့အချိန်တွေမှာ သင့်ကိုအားအင်ပေးနိုင်တဲ့ သူငယ်ချင်းမျိုးဖြစ်ပါတယ်။ သင့်ဘေးနားမှာ အမြဲရှိနေတိုင်း သူငယ်ချင်းကောင်းမဟုတ်ပါဘူး။ ဒါပေမယ့် သင်လိုအပ်တိုင်းရှိပေးတဲ့သူကတော့ သူငယ်ချင်းကောင်းဖြစ်ပါတယ်။

(၂) သင့်ဖက်ကရပ်တည်ပေးတယ်

စစ်မှန်တဲ့ သူငယ်ချင်းကောင်းဆိုတာက အမြဲတမ်းသင့်ဖက်က ရပ်တည်ပေးတတ်တဲ့သူမျိုးဖြစ်ပါတယ်။ အထူးသဖြင့် ပြဿနာတွေကို သင်တစ်ယောက်တည်းရင်ဆိုင်နေရပြီး တစ်လောကလုံးနဲ့တစ်ယောက် ဖြစ်နေတဲ့အချိန်မျိုးမှာပေါ့။ တစ်လောကလုံးရဲ့ အပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံနေရတဲ့အချိန်မှာတောင် သင့်ဖက်ကနေ အမြဲတမ်းရပ်တည်ပေးတဲ့ သူငယ်ချင်းဟာ သူငယ်ချင်းကောင်းဖြစ်ပါတယ်။

READ
မိသားစုဆက်ဆံရေးကိုပျက်စီးစေတဲ့ အကြီးမားဆုံးအမှားအယွင်းများ

(၃) လမ်းမှန်ပြပေးသူ

သူငယ်ချင်းကောင်းဆိုတာ လမ်းမှားကိုဆွဲခေါ်တဲ့သူမျိုး မဟုတ်ပါဘူး။ သင့်ကို ဘယ်တော့မှ မကောင်းတာ မလုပ်စေချင်ဘဲ ဘဝကို လှလှပပ ရပ်တည်နေစေချင်တဲ့သူမျိုးပါ။ သင်ဟာ ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်တဲ့သူဖြစ်ဖြစ်၊ သင့်လုပ်ရပ်ကို တစ်လောကလုံးက ဘယ်လောက်ပဲ ချီးကျူးနေပါစေ၊ သင့်အမှားကို အမြဲတမ်းထောက်ပြရဲတဲ့သူဖြစ်ပါတယ်။ အမှားထောက်ပြတဲ့အခါမှာလည်း သင့်ကို ဘယ်တော့မှ အရှက်ရအောင်လုပ်မှမဟုတ်ဘဲ၊ နှစ်ကိုယ်ကြားလေးပဲ အမြဲတမ်း အမှားကိုစေတနာနဲ့ ထောက်ပြပေးမယ့်သူမျိုးဖြစ်ပါတယ်။

(၄) မနာလိုစိတ်မရှိဘူး

သူငယ်ချင်းတော်တော်များများဟာ သင်ကောင်းစားမှာကိုမြင်ချင်ကြပေမယ့် သူတို့ထက်သာမှာကိုတော့ မလိုလားကြပါဘူး။ ဒါပေမယ့် စစ်မှန်တဲ့ သူငယ်ချင်းကောင်းဆိုတာ၊ သင့်ကို အမြဲတမ်းအမြင့်မှာပဲ နေစေချင်တဲ့သူမျိုးဖြစ်ပါတယ်။ သူ့ထက်သင် ဘယ်လောက်ပဲမြင့်မြင့်၊ သင်ဟာ သူ့ထက်ဘယ်လောက်ပဲသာနေပါစေ၊ သူ့စိတ်ထဲမှာ သင့်ကို မနာလိုစိတ်နည်းနည်းလေးမှ ဝင်လာမယ့်သူမျိုးမဟုတ်ပါဘူး။ သင်အမြင့်ကိုရောက်နိုင်ဖို့ သူတတ်နိုင်သလောက် အမြဲတမ်းကူညီပေးမယ့်သူ ဖြစ်ပါတယ်။ ဒီလိုလူမျိုးက သူငယ်ချင်းကောင်းပါ။

READ
တိရစ္ဆာန်နဲ့ ထူးထူးခြားခြားလက်ထပ်ထားသူများအကြောင်း

(၅) တည်မြဲတယ်

သူငယ်ချင်းကောင်းနဲ့ ဆက်ဆံရေးဆိုတာ ဘယ်တော့မှ ပြိုပျက်သွားမယ့် ဆက်ဆံရေးမျိုးမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ဝေးဝေး၊ ဘယ်လောက်ပဲ ခြားခြား၊ သင်တို့ရဲ့ ချစ်ခင်ခြင်းတွေက အမြဲတမ်း တည်မြဲနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဲ့ဝေးသွားလို့ ဒါမှမဟုတ် သူငယ်ချင်းအသစ်တွေရှိသွားလို့ သင့်ကိုမေ့သွားတဲ့သူမျိုးဟာ သူငယ်ချင်းကောင်းလုံးဝမဟုတ်ပါဘူး။ သင်နဲ့ဘယ်လောက်ဝေးဝေး သင့်ကို စိတ်ထဲအမြဲထားတတ်တဲ့ သူသာ သူငယ်ချင်းကောင်းဖြစ်ပါတယ်။

Em Em(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE