(၁၈)ရက်ဆက်တိုက် မနားမနေ အလုပ်,လုပ်ခဲ့တဲ့ ဆရာဝန်မကြီး၊ လဲကျသေဆုံးခဲ့တဲ့အဖြစ်

Twitter/Jiayang Fan

လက်ရှိအချိန်ထိ ဝူဟန်ဗိုင်းရပ်စ်အရေးစိတ်မအေးရသေးတဲ့ ကမ္ဘာ့ကျန်းမာရေး ပြဿနာမှာ အစပြုခဲ့တဲ့ တရုတ်က အတော်လေးကို ဒုက္ခပင်လယ် ဝေနေဆဲပါ။ အထူးသဖြင့်တော့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ ယနေ့အချိန်ထိ တာဝန်ကျရာ ဆေးရုံဆေးပေးခန်းတွေမှာ မအားလပ်နိုင်လောက်အောင် ဖြစ်နေပါတယ်။

အခုလည်း အသက်(၅၁)နှစ်အရွယ် ဝါရင့်ဆရာဝန်မကြီးတစ်ယောက်ဟာ ဝူဟန်ဗိုင်းရပ်စ်ကို (၁၈)ရက်တိုင်တိုင် နေ့မအားညမနား တိုက်ဖျက်ရင်း သေဆုံးခဲ့ရကြောင်း သိရပါတယ်။ ဆရာဝန်မကြီးရဲ့အမည်မှာ Xu Hui ဖြစ်ပါတယ်။ သူမ သေဆုံးသွာခြင်းအတွက် တရုတ်အစိုးရ တာဝန်ရှိသူတွေက “စံပြပုဂ္ဂိုလ်”လို့ တင်စားခဲ့ပါတယ်။

Twitter/Jiayan Fan

Jiangsu မြို့ တရုတ်ကွန်မြူနစ်ပါတီမှ အတွင်းရေးမှူးက ဒေါက်တာ Xu Hui သေဆုံးခြင်းအတွက် “ တခြားဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် စံပြအတုယူရမည့် ပုဂ္ဂိုလ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ (၁၂)ရက်၊ တနင်္လာနေ့က ဒေါက်တာ Xu Hui သေဆုံးကြောင်းကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့တာပါ။

ဒေါက်တာ Xu Hui ကို အာဏာပိုင်တွေက “ စံပြဦးဆောင်သူ၊ သူမရဲ့ အလုပ်တာဝန်တွေထဲမှာပဲ ဘဝကို နှစ်မြှုပ်ထားသူ ”လို့ ဂုဏ်ပြုခဲ့ပါတယ်။ ဒေါက်တာ Xu Hui သေဆုံးတဲ့နေ့ကတော့ ဖေဖော်ဝါရီ(၇)ရက်နေ့ ဖြစ်ပါတယ်။ သူမဟာ Nanjing Hospital of Traditional Chinese Medicine မှာ လက်ထောက်ဒါရိုက်တာအဖြစ် အများလေးစားခံရတဲ့ ပါမောက္ခကြီးလည်း ဖြစ်ပါတယ်။

 

ဒေါက်တာ Xu Hui သေဆုံးရခြင်းအတွက် တွစ်တာပေါ်မှာတော့ စကားလုံးတိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အထူးသဖြင့် တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှုကို မေးခွန်းထုတ်ခဲ့ကြပြီး၊ ဆရာဝန်တစ်ယောက် အလုပ်တာဝန်ထမ်းဆောင်ရင်း သေဆုံးစေခဲ့တဲ့အဖြစ်ဟာ စီမံခန့်ခွဲသူတွေရဲ့အပိုင်းက ညံ့ဖျင်းလို့ဖြစ်ကြောင်း ဝေဖန်ခဲ့ကြတာပါ။

ဝေဖန်သူတစ်ဦးကတော့ “ စံပြပုဂ္ဂိုလ်လို့ မပြောသင့်ပါ … ဒေါက်တာ Xu Hui အနေနဲ့ သူမကိုယ်သူမ စတေးခံလိုက်ရခြင်းအတွက် ချီးကျုးဂုဏ်ပြုရမှာ ဖြစ်ပေမယ့် (၁၈)ရက်ဆက်တိုက် အလုပ်လုပ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စံပြပုဂ္ဂိုလ်အဖြစ် မမှတ်ယူသင့်ပါဘူး … တကယ်တမ်း ဝေဖန်ရမှာက ဒေါက်တာတွေကို ဒီလို မရပ်မနား အလုပ်လုပ်ဖို့ မဖြစ်ဖြစ်အောင် ဖိအားပေးခိုင်းစေတဲ့ ကျန်းမာရေးစနစ်ကိုပါ … ”လို့ ထောက်ပြခဲ့ပါတယ်။

အခြားဝေဖန်သူတစ်ဦးကတော့ “ သူမက သေဆုံးဖို့အတွက် စံပြမော်ဒယ်ပေါ့ ဟုတ်လား … ဒီပုံစံအတိုင်းဆိုရင် တစ်ခြား ဆေးဘက်ဆိုင်ရာ ပညာရှင်တွေလည်း အကုန် လုံးပါးပါးကုန်မယ် ”လို့ ရေးခဲ့ပါတယ်။ တကယ်တမ်းက ဒေါက်တာတွေ၊ ဆေးဘက်ဆိုင်ရာ သူနာပြုတွေကို ထိရောက်တဲ့ အလုပ်တာဝန်တွေ စေခိုင်းဖို့အတွက်၊ မှန်ကန်တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ပြီး၊ အထူးသဖြင့်တော့ တိကျတဲ့ နားချိန်တွေလည်း မဖြစ်နေ ထည့်သွင်းစီစဉ်ရမှာ ဖြစ်ပါတယ်။

လင်းဇော်ကို

SHARE