အမေရိကန်ရေတပ်လေကြောင်းမှာ သူရဲကောင်းတံဆိပ် ချီးမြင့်ခံခဲ့ရတဲ့ ပထမဆုံးမဟူရာဧကရီ

YouTube/USNavy

မကြာသေးခင်ကမှ အမေရိကန်ရေတပ်ရဲ့ လေကြောင်းတိုက်ခိုက်ရေးအပိုင်းမှာ သင်တန်းအောင်မြင်ခဲ့တဲ့ မဟူရာဧကရီမလေး Madeline Swegle ကတော့ အမျိုးသမီးလူမည်း ဖိုက်တာတွေသမိုင်းမှာ ပထမဆုံး ရွှေတောင်ပံရင်ကပ်တံဆိပ် ချီးမြင့်ချင်း ခံလိုက်ရပြီ ဖြစ်ပါတယ်။

YouTube/USNavy

Madeline Swegle ဟာ သင်တန်းပြီးဆုံးချိန်မှာ ဒုဗိုလ်(အရာရှိငယ်)ဘဝနဲ့ စစ်ဘက်တာဝန်တွေကို ဆက်လက်တာဝန်ထမ်းဆောင်မှာပါ။ သူမဟာ ပြီးခဲ့တဲ့ ဇူလိုင်(၃၁)ရက်က တက္ကဆက်ပြည်နယ်၊ Naval Air Station (NAS) Kingsville လေကြောင်းလေ့ကျင့်ရေး သင်တန်းကျောင်းမှာ အတန်းဖော် (၂၅)ဦးနဲ့အတူ ဒီတံဆိပ်ကို လက်ခံရရှိခဲ့တာပါ။

ရွှေတောင်ပံရင်ကပ်တံဆိပ်ဟာ လေကြောင်းကပ္ပတိန်သင်တန်း အောင်မြင်သူတိုင်း ချီးမြင့်ခံရတဲ့ တံဆိပ်ဖြစ်ပေမယ့် လူမည်းအသိုင်းအဝိုင်းမှာတော့ နှစ်(၄၀)အတွင်းမှာ ဒါက ပထမဆုံးဖြစ်လို့ Swegle အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ယူဖွယ်ရာ အခိုက်အတန့် ဖြစ်ပါလိမ့်မယ်။

YouTube/USNavy

Swegle ရဲ့မိဘတွေက သူမကို မြေတောင်မြောက်ပေးခဲ့ပြီး၊ သူမအနေနဲ့ လုပ်လိုစိတ်သာရှိရင် ဘာမဆို ဖြစ်အောင်လုပ်နိုင်လိမ့်မယ်လို့ အားပေးခဲ့တယ်လို့ Swegle က ပြောပါတယ်။ သူဟာ ကန်ရဲ့တိုက်ခိုက်ရေးမှာ အားအထားရဆုံးဖြစ်တဲ့ Blue Angels ပိုင်းလော့တွေကိုငယ်ငယ်ကတည်းက အားကျခဲ့ပါသတဲ့။

ရွှေတောင်ပံရင်ကပ်တံဆိပ်ချီးမြင့်ပွဲကို တပ်မှူးကြီးဖြစ်တဲ့ Matthew Maher ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ ယခုနှစ်မှာ ပိုင်းလော့(၂၅)ဦးကို မွေးထုတ်ပေးနိုင်ခဲ့တာဖြစ်လို့ ဆယ်စုနှစ်အတွင်းမှာ အများဆုံးမွေးထုတ်နိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

((၁၉၈၀)ခုနှစ်က အမေရိကန်-အာဖရိကန်ကပြား Brenda E. Robinson အမည်ရ အမျိုးသမီးအရာရှိလည်း ရွှေတောင်ပံရင်ကပ်တံဆိပ် ရခဲ့ဖူးပါသေးတယ်။ သူမဟာ အမေရိကန်ရေတပ်-လေကြောင်းတိုက်ခိုက်ရေးဌာနမှာ အနှစ်(၂၀)ကြာ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဒုဗိုလ်မှူးကြီးရာထူးနဲ့ အငြိမ်းစားယူခဲ့ပါတယ်။)

လင်းသူရိန်

SHARE