ထောင်တစ်သက်ပြစ်ဒဏ် ချမှတ်ခံထားရသူကို ချစ်မိလို့၊ ထောင်ထဲအထိလိုက်ပြီး လက်ထပ်ခဲ့သူ

Facebook/MoniueStallworth

တစ်ခုလပ်ကလေးမိခင်တစ်ယောက်ဟာ နှစ်ရှည်ထောင်ဒဏ်ကျ အကျဉ်းသားကို အချစ်ကြီးချစ်မိလို့၊ ထောင်ထဲအထိ လိုက်ပြီး လက်ထပ်ခဲ့ပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် အချစ်ဆိုတာ ခိုင်မာတဲ့ နံရံတွေ တံတိုင်းကြီးတွေနဲ့ ပိတ်လှောင်ထားရင်တောင်မှ မရမက နီးစပ်အောင် ကြိုးစားတဲ့သဘောကို မြင်တွေ့ရမှာပါ။

ပြစ်ဒဏ်ကျ အကျဉ်းသားရဲ့နာမည်ကတော့ Arthur Alexander Mccall ဖြစ်ပါတယ်။ သူဟာ (၂၀၁၈)ခုနှစ်က လူတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့လို့ လူသတ်မှုပထမဒီဂရီနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ ပြစ်မှုထင်ရှားတဲ့အတွက် စုပေါင်းထောင်ဒဏ် နှစ်(၆၀)အထိ ကျခံထားရသူပါ။

Facebook/MoniueStallworth

သူ့ကို ချစ်ကြိုက်မိခဲ့သူကတော့ Monique Stallworth ဖြစ်ပြီး၊ ကလေးနှစ်ယောက်မိခင် တစ်ခုလပ်တစ်ဦး ဖြစ်ပါတယ်။ Arthur ကိုယ်တိုင်ကလည်း တစ်ခုလပ် ကလေးတစ်ယောက် ဖခင်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အကျဉ်းထောင်ထဲမှာပဲ သားတွေသမီးတွေရဲ့ ရှေ့မှောက်မှာ လက်ထပ်ပွဲ ဆင်နွှဲခဲ့ကြတာဖြစ်ကြောင်း Metro သတင်းစာက ဖော်ပြခဲ့ပါတယ်။

Monique ဟာ အသက်(၃၃)နှစ် ဖြစ်ပြီး၊ (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီလကမှ Arthur ကို ပထမဆုံးအကြိမ် စတွေ့ခဲ့တာ ဖြစ်ပါတယ်။ Arthur ရဲ့ ညီအစ်မဝမ်းကွဲတစ်ယောက်က မိတ်ဆက်ပေးခဲ့တာပါ။ ထိုစဉ်က Arthur ဟာ ပြစ်ဒဏ်အတွက် Kern Valley State Prison ထောင်မှာနေရင်း အမှုရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။

Facebook/MoniueStallworth

Monique ဟာ Arthur ကို မြင်မြင်ချင်း ချစ်ခဲ့မိပါတယ်။ သူမဟာ ခဏခဏ ထောင်ဝင်စာသွားတွေ့ရင်း မကြာခင်မှာ ချစ်သူတွေဘဝကို ရောက်သွားခဲ့ပါတယ်။ ဆယ်လအကြာမှာ နှစ်ယောက်သား လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ Arthur ကတော့ လက်ထပ်ပွဲကို ထောင်ဝတ်စုံနဲ့သာ တက်ရောက်ခဲ့ပေမယ့် Monique ကတော့ အဖြူရောင်သတို့သမီးလေးအဖြစ်နဲ့ တက်ရောက်ခဲ့တာပါ။

Monique ဟာ ပထမအိမ်ထောင်နဲ့ အိမ်ထောင်သက် (၁၃)နှစ် ကြာခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ် Arthur ကတော့ လူမိုက်ဂိုဏ်းတစ်ခုဖြစ်တဲ့ Oak Blood Parks ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက သူ့ကို လိမ္မာဖို့သင်ပေးသလို၊ သူချစ်ရတဲ့ Monique က အသက်ဆက်ရှင်ဖို့ သင်ပေးတယ်လို့ ဆိုခဲ့ပါတယ်။

လင်းသူရိန်

SHARE