အယ်လ်ကိုဟောစစ်တဲ့စက်တဲ့ အဆပေါင်းများစွာ ပိုတိကျတဲ့ ဆေးခြောက်သုံးစွဲမှုစစ်တဲ့ စက်

HoundLabs.com

အခုအချိန်မှာတော့ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့် ချထားပေးတဲ့ နိုင်ငံပေါင်း ၃၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ ဆေးခြောက်ကို ဆေးပညာဆိုင်ရာလေ့လာချက်တွေအတွက် အထောက်အကူဖြစ်စေဖို့အတွက်  နိုင်ငံတော်တော်များများ တရားဝင်အသုံးပြု စမ်းသပ်ခွင့်တွေလည်း ချထားပေးနေပါပြီ။

ဒီလို ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့် ချထားပေးပေမယ့် အကန့်အသတ်နဲ့ ချထားပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ကိုယ့်ဆရာသမားတွေက အလွန်အကျွံတွေ သုံးစွဲကြတာပါပဲ။ ဒီလိုဆေးခြောက် အလွန်အကျွံ အသုံးပြုမှုများအတွက် စမ်းသပ်ပေးတဲ့ ဆေးခြောက်ပမာဏ စစ်တဲ့စက်တစ်ခု ထွက်ပေါ်လာပါပြီ။ အဲဒီစက်ဟာ အရက်သေစာသောက်စား မူးရူးတဲ့အခါ ရဲတွေ အသုံးပြုတဲ့ အယ်လ်ကိုဟောစစ်တဲ့ စက်ထက် အကြိမ်ပေါင်းတစ်သိန်းကျော်လောက် ပိုမိုတိကျပါတယ်။

HoundLabs.com

နယူးဂျာဆီက ရဲတစ်ယောက်ကတော့ “သွေးကြောထဲမှာ အယ်လ်ကိုဟော ပါဝင်မှုနှုန်းက ၀.၀၈ ရာခိုင်နှုန်းထက် ပိုနေတယ်ဆိုရင် အဲဒီလူက မူးယစ်နေတဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ ဒါပေမယ့်လို့ ဆေးခြောက်ကျ ပြဿနာရှိသွားပြီ။  ဆေးခြောက်ဘယ်လောက် သုံးလာတယ်ဆိုတာကို သွေးစမ်းသပ်ချက်နဲ့ အသက်ရှူစမ်းသပ်ချက်နဲ့ စမ်းသပ်ပြီး ဆုံးဖြတ်လို့ မရတော့ဘူး”လို့ ပြောခဲ့ကြောင်း NY Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

အရက်ဘယ်လောက် သောက်လာတယ်ဆိုတာကို စစ်ဆေးဖို့ သွေးကြောထဲမှာ အယ်လ်ကိုဟော ပမာဏဘယ်လောက် ရောက်နေတယ်ဆိုတာ စစ်ဆေးတဲ့စက် ရှိပါတယ်။ ဆေးခြောက်ရှိုက်လာတဲ့အခါ ဘယ်လောက်အထိ သုံးလာတယ်ဆိုတာကို စစ်ဆေးဖို့ စက်မရှိသေးတဲ့ အခြေအနေမှာ ဒီလို စက်ထွက်ပေါ်လာခြင်းပါ။

HoundLabs.com

အခုတော့ ဒီကိရိယာလေးက ရဲတွေအတွက် အကောင်းဆုံးစစ်ဆေးချက်တွေကို ကူညီလုပ်ဆောင်ပေးတော့မှာပါ။

အဆိုပါ ကိရိယာလေးကို တီထွင်သူတွေတော့ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေ၊ ဆန်ဖရန်စစ္စကိုက ပညာရှင်တွေနဲ့ အုပ်ခ်လန်းတက္ကသိုလ်က ဆရာဝန်တွေပဲ ဖြစ်ပါတယ်။ သူတို့ အကုန်လုံးပေါင်းစုပြီး လေ့လာစမ်းသပ်ချက်များစွာကို ပြုလုပ်ပြီးမှ ဒီကိရိယာလေး ဖြစ်ပေါ်လာခဲ့ခြင်းပါ။

ပုံမှန်အားဖြင့်တော့ ဆေးခြောက်သုံးလာသလား၊ မသုံးလာဘူးလားဆိုတာကို စမ်းသပ်ဖို့အတွက် သွေးစစ်ဆေးမှုတစ်ခုသာ ရှိပါတယ်။ တစ်လအတွင်းမှာ သုံးစွဲထားရင် သွေးကြောထဲမှာ ဆေးခြောက်ရဲ့  ဓာတ်တွေ တွေ့ရမှာပါ။ အခုစက်ကတော့ အဲဒီလောက်အထိ အလုပ်ရှုပ်ခံဖို့မလိုတော့ပါဘူး။ အဲဒီလောက်အချိန်အထိလည်း စောင့်ဆိုင်းနေစရာမလိုတော့ပါဘူး။ အဆိုပါ ကိရိယာလေး တစ်ယောက်ယောက်ကို စစ်ဆေးလိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ သုံးနာရီအချိန်က သုံးစွဲလာခဲ့သလားဆိုတာကိုပါ တိတိကျကျ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

HoundLabs.com

အဆိုပါ ကိရိယာလေးကို တီထွင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်တဲ့ Lynn ကတော့ “ဒီဟာကို တီထွင်ခဲ့တာက အများပြည်သူ လုံခြုံစိတ်ချစေဖို့ အတွက်ပါပဲ။ မဆင်မခြင် သောက်စားမူးယစ်မှုတွေကြောင့် လမ်းပေါ်မှာဖြစ်တဲ့ ယာဉ်တိုက်မှုအဖြစ်ဆိုးတွေကို ကျနော် မြင်တွေ့ခဲ့ဖူးပါတယ်။ အဲဒီလိုမျိုးမဖြစ်အောင် ကာကွယ်တားဆီးဖို့အတွက် အယ်လ်ကိုဟောစစ်ဆေးတဲ့ ကိရိယာတော့ ရှိပြီး၊ ဆေးခြောက်မှာရော စမ်းသပ်ထားဖို့ ကိရိယာရှိလားဆိုပြီး တွေးလိုက်မိပြီး ဒီကိရိယာလေးကို လုပ်မိခဲ့တယ်”လို့ ဆိုပါတယ်။

တကယ်လို့ ဒီစက်သာ မြန်မာနိုင်ငံ ရောက်လာခဲ့ရင်တော့ ဆေးခြောက်သုံးပြီး သွားလာနေတဲ့ လူတွေအတွက်တော့ မချောင်တော့ပါဘူး။

Ye Yint Kyaw

SHARE