ဇနီးသည်ရဲ့အထင်ကြီးမှုကို ရရှိစေဖို့ ရေခဲလူသားအဖြစ် စတန့်ပြခဲ့တဲ့အမျိုးသား

VK/Gavril Starostin

လူတိုင်းဟာ ကိုယ့်ရဲ့ချစ်သူက အထင်ကြီးလေးစားတာ၊ မြတ်နိုးကြင်တာတာ၊ သဘောကျနှစ်ခြိုက်တာမျိုးကို ခံယူချင်ကြပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ နှစ်လိုမှုတွေရဖို့ လူတိုင်းလိုလို တစ်နည်းနည်းနဲ့ ကြိုးပမ်းကြပါတယ်။ ပိုးချိန်ပန်းချိန်မှသည် လက်ထပ်ထိမ်းမြားခြင်းအချိန်ကို  ရောက်သည်အထိ ဒီလို လုပ်ရပ်တွေက အမြဲလိုလို ရှိနေမှာပါ။

အခုလည်း ရုရှားနိုင်ငံသား Oleg Rezanov အမည်ရ အမျိုးသားဟာ ချစ်သူဇနီးသည် အထင်ကြီးလေးစားမှုကို ရရှိစေဖို့အတွက် အပူအချိန် (-32°C)အခြေအနေမှာ သူ့ကိုယ်သူ ရေခဲလူသားအဖြစ် ကိုယ်လုံးတီးချွတ်ပြီး ဖန်တီးပြခဲ့ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဆိုရရင် သူဟာ ဘောင်းဘီတိုလေးသာ ဝတ်ဆင်ပြီး၊ ရေခဲတွေအောက်မှာ (၁၃)မိနစ်ကြာ နေပြခဲ့တာပါ။

ဒါဟာ Valentine’s Day မှာ သူ့အနေနဲ့ ဇနီးအပေါ်ကို ထားရှိတဲ့အချစ်တွေဟာ ဘယ်တော့မှ မသေဆုံးဘူးဆိုတာ ပြသတဲ့သဘောမျိုးဖြစ်ပါတယ်။ သူစတန့်ပြတဲ့ဆီကို ရုရှားနိုင်ငံရဲ့ အရေးပေါ်အခြေအနေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေလည်း အသင့်နေရာယူထားပြီး လိုအပ်တဲ့ အကူအညီတွေပေးဖို့ စောင့်ဆိုင်းနေပါတယ်။

VK/Gavril Starostin

ယင်းနောက် (၁၂)မိနစ်ကျော်လို့ (၁၃)မိနစ် ကြာတဲ့အချိန်မှာတော့ သူ့ကို ရေခဲအုတ်ဂူအောက်ကနေ ကယ်ထုတ်ဖို့ ရေနွေးခပ်ပူပူတွေကို လောင်းချခဲ့ရပါတယ်။ Oleg ဟာ အပြင်ကို ရောက်ရောက်လာချင်းမှာတော့ စကားလုံးဝ မပြောနိုင်သလို၊ အတော်လေးကို တုန်လှုပ်နေပါတယ်။ ဒါပေမယ့် မိနစ်ပိုင်းအကြာမှာ ပုံမှန် ပြန်ဖြစ်သွားပါတယ်။

သူက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ “ ကျွန်တော့်ကို ရေခဲတွေနဲ့ ဖုံးလိုက်တော့ အသက်(၂)ခါ ရှူလိုက်သေးတယ် … ကျန်တာတွေတော့ သိပ်မမှတ်မိဘူး .. အသံတွေကတော့ မကြားတချက် ကြားတချက်ပဲ … (၁၂)မိနစ် ဆိုပြီး အော်လိုက်တဲ့ အသံကိုတော့ ရှင်းရှင်းလင်းလင်း ကြားရပါတယ် ”လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး “ ကျွန်တော် ကျော်ဖြတ်နိုင်ခဲ့လို့ အတော်လေး အံ့သြခဲ့ပါတယ် … တော်တော်များများကတော့ ဒါ မဖြစ်နိုင်ဘူးလို့ တွေးကြမှာပါ … ကျွန်တော်ကိုယ်တိုင်လည်း နှစ်ကြိမ်လောက် သံသယရှိခဲ့ပါတယ် ဒါပေမယ့် ကျွန်တော့်ဘာသာ စမ်းသပ်ခဲ့တယ် .. လူသားတွေ ဘာလုပ်နိုင်မလဲပေါ့ … ကျွန်တော်ကိုယ်တိုင်က ကိုယ်ကဘယ်လိုလူမျိုးလဲ … ကျွန်တော့်တည်ရှိမှုဆိုတာ ဘာလဲ … ကျွန်တော့်အနာဂတ်လမ်းကြောင်းက ဘယ်လိုဆိုတာ နားလည်ချင်ခဲ့ပါတယ် … ”လို့ ပြောပါတယ်။

VK/Gavril Starostin

သူက ဆက်လက်ပြီး “ ဒီစမ်းသပ်မှုက ကျွန်တော်ဘယ်လိုလူလဲဆိုတာ ကျွန်တော့်ကိုယ့်ကျွန်တော် သဘောပေါက်စေခဲ့သလို … ဒုတိယအချက်ကတော့ ဒီလုပ်ဆောင်ချက်ကြောင့် ကျွန်တော် (၁၅)နှစ်လောက် ပိုငယ်သွားတယ်လို့ မြင်ပါတယ် … အအေးဓာတ်ဟာ ထာဝရရှင်သန်ခြင်းရဲ့ အဓိကသော့ချက်ဖြစ်ပြီး … တကယ်လို့ ခင်ဗျားအနေနဲ့ အအေးဓာတ်၊ ဆာလောင်ခြင်း၊ လှုပ်ရှားမှုတွေမှာ ဆရာတစ်ဆူ ဖြစ်လာရင် ခင်ဗျာဟာ ထာဝရရှင်သန်သူ ဖြစ်လာမှာပါ ”လို့ ပြောခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်မှု ဘာလို့လုပ်ခဲ့တာလဲလို့ သတင်းထောက်က မေးတော့ “ အားလုံး အဆင်ပြေပါတယ် … Irina ရေ ငါ မင်းကို အရမ်းချစ်တယ် … ငါ မကြာခင် အိမ်ပြန်လာမှာပါ … ”လို့ ပြောခဲ့ပါတယ်။ Oleg ဟာ ဇနီးနဲ့အတူ ကလေးနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။

သူဟာ အဲဒီနေ့က လုပ်ဆောင်ချက်မတိုင်မီကတည်းက ဂင်းနစ်မှတ်တမ်း (၁၁)ခု ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ (၂၀၁၄)ခုနှစ် Sochi Winter Olympics ပြိုင်ပွဲတုန်းကလည်း Oleg ဟာ ရေခဲရေထဲမှာ အချိန်(၂)မိနစ်ကြာ (၁၂၅)မီတာအထိ ကူးခတ်နိုင်ခဲ့တဲ့စံချိန်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

လင်းဇော်ကို

SHARE