တစ်မိုင်ခွဲအဝေးက လွင့်ပျံလာတဲ့ သံပြားကြီးထိမှန်ပြီး၊ ထူးထူးဆန်းဆန်း ကံဆိုးခဲ့ရသူ

Twitter/mossos d'esquadra

စပိန်နိုင်ငံမှာ ဓာတုဗေဒစက်ရုံတစ်ခု ပေါက်ကွဲခဲ့ရာ၊ လူသေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။ ဒီစက်ရုံပေါက်ကွဲမှုကနေ လွင့်ပျံလာတယ်လို့ ယူဆရတဲ့ သံပြားအကြီးစားတစ်ခု လူတစ်ယောက်ကို ထိမှန်ခဲ့လို့ ၎င်းအမျိုးသားလည်း မထင်မှတ်ထားဘဲ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ သံပြားနဲ့ထိမှန်သူ အမျိုးသားဟာ ရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သေဆုံးသူအမျိုးသားအမည်ကတော့ Sergio Millan လို့ သိရပါတယ်။ သူဟာ အသက်(၅၉)ဖြစ်ပါတယ်။ သူဟာ ဓာတုစက်ရုံပေါက်ကွဲတဲ့နေရာနဲ့ တစ်မိုင်ခွဲအဝေးမှာ နေထိုင်သူပါ။ ဧရာမသံပြားကြီးဟာ သူနေထိုင်ရာအဆောက်ဦးရဲ့  ပြတင်းပေါက်ကနေ တိုက်ရိုက်ဖောက်ဝင်လာပြီး၊ Sergio ကို တိုက်ရိုက်ထိမှန်ခဲ့တာပါ။

Twitter/mossos d’esquadra

အခင်းဖြစ်ခဲ့ရာနေရာကတော့ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း တာရာဂိုနာမြို့မှာဖြစ်ပါတယ်။ အခုလို ထူးဆန်းတဲ့သေဆုံးမှုကို ဒေသခံရဲတပ်ဖွဲ့က စုံစမ်စစ်ဆေးနေဆဲဖြစ်ပြီး၊ အခင်းဖြစ်ချိန်မှာ Sergio ဟာ အဲဒီလူနေထပ်မြင့်တိုက်ခန်းမှာ တစ်ယောက်တည်း ရှိနေချိန်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူတို့ရဲ့ တွစ်တာမှာ အလျှား (၁၆၅)စင်တီ၊ အနံ (၁၂၂)စင်တီရှိတဲ့ သံပြားကြီးရဲ့ပုံကို တင်ခဲ့ပါတယ်။

အဲဒီသံပြားကြီးဟာ ဓာတ်ပေါင်းဖိုရဲ့ အမိုးသံပြား ဖြစ်ပုံရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၄)ရက်က ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုကြောင့် စက်ရုံလုပ်သား (၂)ဦးလည်း သေဆုံးခဲ့ရသလို၊ အခြား(၈)ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူစက်ရုံဝန်ထမ်းတစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရယူဖို့ အလွန်အန္တရာယ်များတဲ့ အနေအထားလို့ သိရပါတယ်။

 

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဓာတုစက်ရုံ IQOXE ဟာ အက်သလင်းအောက်စိုက် ဓာတုစက်ရုံဖြစ်ပြီး၊ တန်(၂၀) ဓာတ်ငွေ့သိုလှောင်ကန်ကနေ စတင်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ စက်ရုံပိုင်ရှင်ဟာ တိကျတဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ စက်ရုံဟာ ပေါက်ကွဲမှု(၆)ကြိမ်ထက်မနည်း ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။

အခင်းဖြစ်ခဲ့ရာမြို့မှာ ဧက(၃၀၀၀)ကျယ်တဲ့ ChemMed အမည်ရ အကြီးစားဓာတုစက်ရုံလည်း ရှိသေးပြီး၊ အဲဒီစက်ရုံဟာ ဥရောပတောင်ပိုင်းမှာတော့ Petrochemical စက်ရုံတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ အခု အခင်းဖြစ်ရာနေရာကို ဒေသခံမီးသတ်တပ်ဖွဲ့မှာ မီးသတ်ယာဉ် (၂၀)လောက် သွားရောက် ငြိမ်းသတ်ခဲ့ရပါတယ်။

လင်းသူရိန်

SHARE