အကြွေးဝယ်ကတ်ကို ယူသုံးခဲ့တဲ့ (၈)နှစ်သားလေးကြောင့် သောကပွားခဲ့ရတဲ့ မိခင်

Martine Johnson/FB

Microsoft Company မှပိုင်တဲ့ XBox Games တွေကို ၈နှစ်သားအရွယ်ကလေးတစ်ယောက်က အမေဖြစ်သူရဲ့ အကြွေးဝယ်ကတ်ကနေတဆင့် ယူရို ၃၂၁၀ ဖိုး  မြန်မာငွေနဲ့ဆိုရင် သိန်း ၅၀ ဖိုးကျော် ကို ဝယ်ပစ်လိုက်တာပါ။

Leon Berriedale-Johnson လို့ခေါ်တဲ့ ဒီကလေးက Minecraft နဲ့ Roblox ဂိမ်းတွေကို ဝယ်ယူခဲ့ပြီး ဒီလိုဝယ်လိုက်တာကသူ့အမေရဲ့ အကြွေးဝယ်ကတ်ထဲက  ပိုက်ဆံတွေထပ်ပြီး ဖြတ်သွားလိမ့်မယ်လို့ သတိမထားခဲ့မိလို့ပါတဲ့။

Martine Johnson_FB

အဆိုပါကလေးရဲ့ အမေဖြစ်သူ Martine ကတော့ ၃ ပတ်အတွင်း online game အတွက် သူ့သား သုံးပစ်လိုက်တဲ့ ယူရို ၃၂၁၀ ကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ စိုးရိမ်သောက ရောက်နေရပါတယ်။ Leon က သြဂုတ်လ (၁၆) ရက်နေ့မှာ online game အတွက် ၁၉ ခေါက် ဝယ်ယူခဲ့ပြီး ယူရို ၉၇၈.၈၁ ကုန်ကျခဲ့ပါတယ်။ နောက်ရက်အနည်းငယ် အကြာမှာ ယူရို ၁၉၉ ဖိုးကို ၇ခါ ထပ်ပြီး ဝယ်ယူခဲ့ပါတယ်။

Martine က သားဖြစ်သူ Leon ကို game အတွက် ယူရို ၄.၉၉ ပမာဏကို တစ်ခါပဲ အသုံးပြုစေခဲ့တာဖြစ်ပြီး Leon ကတော့ နောက်ပိုင်းတွေမှာပါ အမေမသိအောင် ဝယ်ယူနေခဲ့တာပါ။ Martine က “သူကျွန်မရဲ့ ကတ်အချက်အလက်တွေကို ဘယ်လိုရနေလို့ ဝယ်လိုက်တာလဲ မသိတော့ပါဘူး။ ကျွန်မ ကတ်ရဲ့ ဘေလ် တက်လာတဲ့ အချိန်ကြည့်လိုက်တော့ ကျွန်မ ရူးတောင်သွားတော့မလို ဖြစ်ခဲ့ရတယ်” လို့ စိတ်ညစ်ညစ်နဲ့ပြောခဲ့ပါတယ်။

Martine က Single Mother တစ်ယောက်ဖြစ်ပြီးတော့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့သူ မိခင်တစ်ယောက်ပါ။ သူ့သားကို တော့ ဝယ်ခဲ့တဲ့ Xbox game ကိုပြန်ရောင်းပစ်မယ်လို့ပြောခဲ့ပါတယ်။ Martine အနေနဲ့ ပိုက်ဆံတွေပြန်ဆပ်နေတဲ့ကာလမှာ စားဝတ်နေရေးကို စိတ်ပူနေရပါတယ်။ မကြာခင်လာတော့မယ့် ခရစ်စမတ် ကိုလည်း ကျင်းပဖို့မဖြစ်နိုင်တော့ပါဘူး။

Martine Johnson_FB

Microsoft Company ရဲ့ ဖော်ပြချက်အရတော့ မိသားစုတစ်ခုက ကလေးဖြစ်သူက မိဘရဲ့ခွင့်ပြုချက်မရှိဘဲ ဝယ်ယူခဲ့တာ မှန်ကြောင်း Company ဘက်က အတည်ပြုလို့ရရင်တော့ ဝယ်ယူသူကို ပိုက်ဆံအပြည့်ပြန်အမ်းသွားမယ်လို့ရေးထားပါတယ်။ Martine အနေနဲ့ စောစောကသာသိခဲ့ရင် ၁၄ ရက်အတွင်း ပြန်ပြီး ပိုက်ဆံရနိုင်ပေမယ့်လည်း ပေးချေခဲ့တာ ၄ပတ်လောက်ကြာနေပြီဖြစ်လို့ ပြန်ရဖို့မလွယ်ကူတော့ပါဘူး။

Lwin Min

SHARE