လေယာဉ်ပေါ်မှာ ဗိုင်းရပ်နဲ့ပတ်သက်ပြီး ဟာသလုပ်ခဲ့လို့ မောင်းချခံခဲ့ရတဲ့ အွန်လိုင်းဆယ်လီ

Instagram/Potok Philippe

အင်စတာဂရမ်မှာဆယ်လီဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ဟာ နာမည်ပိုကြီးလာစေဖို့ ရည်ရွယ်ချက်နဲ့ လေယာဉ်ပေါ်မှာ ဝူဟန်ဗိုင်းရပ်နဲ့ပတ်သက်ပြီး နောက်ပြောင်ခဲ့ပါတယ်။ သူဟာ သူ့မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ရုတ်တရက်ထအော်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် လေယာဉ်စီးမယ့်လူတွေမှာ အတော်လေး ကသိကအောက် ဖြစ်ခဲ့ရပါတယ်။

အဆိုပါ ဆယ်လီအမျိုးသားမှာ (၂၈)နှစ်အရွယ်ဖြစ်ပြီး၊ Potok Philippe လို့ အမည်ရပါတယ်။ အမည်ရင်းမှာ James Potok လို့လည်း ဆိုပါတယ်။ သူဟာ ကနေဒါနိုင်ငံ၊ Ontario ဇာတိဖြစ်ပါတယ်။ သူဟာ တိုရွန်တိုကနေ ဂျမေကာကို ပျံသန်းမယ့်လေယောဉ်မှ ခရီးသည်တစ်ဦးဖြစ်ပါတယ်။

YouTube/CityNews

သူရဲ့နောက်ပြောင်မှုကြောင့် စီးနင်းလိုက်ပါမယ့် WestJet လေကြောင်းလိုင်းဟာ ထွက်ခွာရာလေဆိပ်ကို အရေးပေါ်ပြန်ဆင်းသက်ခဲ့ရပါတယ်။ နောက်ပြီး တခြားလေယာဉ်တွေပါ ခရီးစဉ်တွေ ဖျက်သိမ်းရသည်အထိ ဖြစ်ခဲ့တာပါ။ နောက်ပြောင်လိုက်တာကတော့ သူ့အနေနဲ့ ဘာမှ မဟုတ်လောက်ဘူးလို့ ထင်မှတ်ခဲ့ပုံပါ။

ဒါပေမယ့် နစ်နာမှုတွေက ကြီးမားခဲ့တာကြောင့် သူ့ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ Potok က သူဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူဖြစ်ကြောင်း ခရီးသည် (၂၄၃)ဦးစလုံးကြားအောင် အော်ပြောခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူဟာ လူမှုကွန်ရက်မှာ သူရဲ့ဗွီဒီယိုကို ဝင်ရောက်ကြည့်ရှုသူ များပြားစေဖို့ရည်ရွယ်ချက်နဲ့ အခုလို လုပ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

သူက “ ဒါက တကယ့်ကို ဟာသပါပဲ … တကယ်လို့ ကျွန်တော်က ဟေ့လူတွေ ကျွန်တော့်မှာ ဗုံးပါလာတယ်လို့သာပြောရင် … ကျွန်တော့်ကိုယ်ပေါ်မှာ လက်နက်ပါလာတယ်ပြောရင် တစ်ခုခု ဖြစ်မှာနေမှာပေါ့  .. အခုဟာက လူတွေက ချဲ့ကားပြောခဲ့တာ”လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး “ လေယာဉ်ခရီးစဉ် တစ်ဝက်လောက်မှာ ကျွန်တော်က လျှောက်လမ်းမှာ ရပ်ပြီး … ဗွီဒီယိုကင်မရာကို ထုတ်လိုက်တယ် … တကယ်က အင်စတာဂရမ်မှာ ဒီဗွီဒီယိုတင်ဖို့ပါ … 6ixbuzz ဆီကို လှမ်းပို့တယ် .. အတော်လေး လူကြိုက်များခဲ့ပါတယ် ..”လို့ ပြောပါတယ်။ ဒါပေမယ့် သူရဲ့နောက်ပြောင်မှုကြောင့် လေယာဉ်ဟာ လာလမ်းကို လှည့်ပြန်ခဲ့ရတာပါ၊

 

သူဟာ အားလုံး ကြားလောက်အောင် အော်ပြီး “ အားလုံး ကျေးဇူးပြုပြီး နားထောင်ကြပါ .. ကျွန်တော်က ဝူဟန်ကနေ ပြန်လာခဲ့သူပါ … အဲဒီနေရာက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ရာမြို့တော်ဖြစ်ပါတယ် … ကျွန်တော့်အနေနဲ့လည်း အတော် နေမကောင်းဖြစ်နေပါတယ် .. ကျေးဇူးတင်ပါတယ် ”ဆိုပြီး ခပ်တည်တည် ပြောချခဲ့တာဖြစ်ပါတယ်။

သူရဲ့လုပ်ရပ်ကို “Selfish stunt”လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အတ္တကြီးတဲ့နောက်ပြောင်မှုပေါ့။ သူတစ်ကိုယ်ရေနာမည်ကြီးဖို့အတွက် တစ်ခြားစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ လေကြောင်းကုမ္ပဏီတွေဟာ ပေါင်သန်းနဲ့ချီ နစ်နာခဲ့ရပါတယ်။

Potok ဟာ အင်စတာဂရမ်ပရိသတ် (၃)သောင်းကျော် ပိုင်ဆိုင်ထားပြီး၊ ဂီတပညာရှင်တစ်ဦးလို့ သိရပါတယ်။ သူ့ကို သက်ဆိုင်ရာက လာရောက်ခေါ်ငင်တဲ့အခါ ရောဂါကာကွယ်ရေး အထူးဝတ်စုံတွေ ဝတ်ဆင်ပြီး လာခေါ်ခဲ့ရပါတယ်။ သူ့ကို Toronto’s Pearson Airport လေဆိပ်မှာ အသေးစိတ်ကျန်းမာရေး စစ်တဲ့အခါ ဘာရောဂါမှ မတွေ့ခဲ့ရပါဘူး။ သူ့အမှုကို မတ်လ(၉)ရက်နေ့မှာ Ontario Court of Justice တရားရုံးမှာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

လင်းသုတ

SHARE