ပျောက်ဆုံးသွားတဲ့ ကြောင်ကလေးနဲ့ (၁၁)နှစ်အကြာမှာ ပြန်ဆုံခဲ့လို့ ပျော်ရွှင်နေတဲ့ပိုင်ရှင်

Facebook/eve

အမျိုးသမီးတစ်ဦးဟာ ပျောက်ဆုံးသွားတဲ့ ကြောင်ကလေးနဲ့ (၁၁)နီးပါးအကြာမှာ ပြန်လည်ဆုံတွေ့ခဲ့လို့ အလွန်ပျော်ရွှင်နေခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ ပိုင်ရှင်အမျိုးသမီးရဲ့အမည်မှာ Eve McDonnell ဖြစ်ပါတယ်။ သူမရဲ့ကြောင်ကလေးဟာ (၂၀၀၉)ခုနှစ် ဧပြီလ (၂၃)ရက်က သူမရဲ့ ကားပေါ်ကနေ ခုန်ဆင်းလွတ်မြောက်သွားခဲ့တာပါ။ ကြောင်ကလေးနာမည်ကတော့ Missy ဖြစ်ပါတယ်။

ပိုင်ရှင် Eve ကတော့ လက်ရှိအချိန်မှာ (၇၂)နှစ်ဖြစ်ပြီး၊ သူမအနေနဲ့ Missy ကို ပြန်လည်ရှာတွေ့ဖို့ နှစ်တော်တော်ကြာအောင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့လို့ နောက်ဆုံးတော့ လက်လျှော့လိုက်ရပါတယ်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာလို့ မထင်မှတ်ထားတဲ့အချိန်မှာ သတင်းတစ်ခုကို ကြားခဲ့ပါတယ်။

အဲဒါကတော့ တိရစ္ဆာန်ကယ်ဆယ်ရေးစင်တာတစ်ခုမှာ အဖြူအနက်ကွက်ပြောက် ကြောင်ကလေးတစ်ကောင်ကို ကယ်ဆယ်ထားနိုင်ခဲ့တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ အဲဒီစင်တာဟာ Eve ရဲ့နေအိမ်နဲ့ဆိုရင် (၈)မိုင်ကွာဝေးပါတယ်။ ဒီကြောင်လေးကို ဘာမင်ဂမ်၊ Hall Green မှာနေထိုင်သူတွေကလည်း တွေ့ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

Facebook/Eve McDonnell

Eve က “ ဒီကြောင်မလေးအကြောင်း ကျွန်မ အမြဲလိုလို သတိရနေပါတယ် … ရှင်တို့လည်း ကိုယ့်အိမ်မွေးတိရစ္ဆာန်လေးတွေကို မေ့မရသလိုပေါ့ … သူတို့ဟာ အစားထိုးလို့ မရပါဘူး … အခု အရှင်အတိုင်း တွေ့ရတော့ လုံးဝ မယုံနိုင်ခဲ့ပါဘူး … ”လို့ ပြောခဲ့ပါတယ်။ Missy ဟာ တစ်ခုသောနေ့မှာ ဈေးဝယ်သွားနေတဲ့ Eve ကို မစောင့်နိုင်ဘဲ၊ ကားပါကင်မှာ ရပ်နားထားတဲ့ ကားထဲကနေ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

လေလွင့်လျှောက်သွားနေတဲ့ ကြောင်မလေး Missy ကို Ali Shah လို့အမည်ရတဲ့ အမျိုးသမီးနဲ့ မိခင်ဖြစ်သူ Salma တို့က ဖမ်းဆီးနိုင်ခဲ့ပြီး၊ Sutton Coldfield မှာတည်ရှိတဲ့ Little Haven Rescue ဆီကို ပို့ပေးခဲ့တာပါ။ Missy ဟာ အခုဆိုရင် အသက်(၁၇)နှစ် ဖြစ်ပြီး၊ ကြောင်အိုမကြီးအရွယ် ရောက်နေပါပြီ။

Facebook/Eve McDonnell

Missy ဆီမှာ ကြောင်ပိုင်ရှင်နဲ့ သက်ဆိုင်တဲ့ Microchip က တပ်ဆင်ထားတဲ့အတွက် ကယ်ဆယ်ရေးစင်တာက Eve ကို ဆက်သွယ်ခဲ့ပါတယ်။ စင်တာပိုင်ရှင်ဖြစ်သူ Clare Davis က “ ကျွန်မအနေနဲ့ အိမ်ကနေ ထွက်ပြေးလာတဲ့ ကြောင်ကလေးတွေကို ပိုင်ရှင်ဆီ ပြန်အပ်ခဲ့တာ တော်တော်ကြာပါပြီ … ဒါပေမယ့် (၂)နှစ်(၃)နှစ် အများဆုံးပါပဲ … အခုဟာက (၁၁)နှစ်ဆိုတဲ့ အတောအတွင်းက တကယ် မယုံနိုင်စရာပါ ”လို့ ပြောခဲ့ပါတယ်။

လင်းသုတ

SHARE