သင်တန်းဆင်းလက်မှတ်တောင်မရှိပဲ စားဖိုမှုးကြီးဖြစ်အောင် ကိုယ့်ထူးကိုယ်ချွန်ကြိုးစားခဲ့သူလေး

instagram/maxywax, cleo.com.sg

စင်ကာပူနိုင်ငံက Maxine Ngooi အမည်ရတဲ့ စားဖိုမှုးကြီးဟာ ထူးထူးခြားခြား အချက်အပြုတ်ဆိုင်ရာ ကိုယ်ရေးရာဇ၀င်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ  Les Amis နဲ့ Joël Robuchon အမည်ရတဲ့ ကမ္ဘာ့အဆင့်မီ စားသောက်ဆိုင်တွေမှာ အောက်ခြေသိမ်းကနေ ပညာဆည်းပူးလေ့လာခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Maxine ဟာ Vianney Massot အမည်ရတဲ့ စားသောက်ဆိုင်မှာ အချိုပွဲဆိုင်ရာ စားဖိုမှုးကြီးအဖြစ် အလုပ်လုပ်နေပါတယ်။ Vianney Massot ဟာ စားဖိုမှုးစွမ်းရည်နဲ့ပတ်သက်ပြီး ကမ္ဘာ့အဆင့်မီ ကြယ်တစ်ပွင့်ရရှိထားတာ မကြာသေးပါဘူး။

တကယ်တော့ Maxine ဟာ အချက်အပြုတ်သင်တန်းကျောင်းက ကျောင်းဆင်းလာတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမက မုန့်ဖုတ်တာကို ၀ါသနာပါပြီး မိခင်ကို မီးဖိုဆောင်ထဲမှာ အမြဲလိုလို ကူညီလုပ်ကိုင်ပေးတတ်သူပါ။ စီးပွားရေးအထူးပြုနဲ့ သြစတေးလျကနေ ဘွဲ့ရခဲ့တဲ့ သူမဟာ ကျောင်းပြီးတဲ့နောက်မှာ သူမလုပ်ချင်တဲ့ အလုပ်ဟာ ဘာလဲဆိုတာ ချက်ခြင်းသိခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း Maxine ဟာ ဟင်းချက်စာအုပ်တွေ ၀ယ်၊ ဟင်းတစ်ခွက်ချက်မယ်ဆိုရင် အဲ့ဒီထဲမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေကို လေ့လာပြီး ကိုယ်တိုင်လေ့လာသင်ယူခဲ့ပါတယ်။ သူမတစ်သက်လုံး လုပ်သွားချင်တဲ့ အလုပ်ဟာ မုန့်ဖုတ်တာပဲဆိုတာ သိတဲ့အတွက် ဒီလောကထဲကိုပဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ ဒါပေမယ့် အချက်အပြုတ်နဲ့ ပတ်သက်တာ၊ မုန့်ဖုတ်တာနဲ့ ပတ်သက်ပြီး သူမမှာ စနစ်တကျသင်ယူလာတဲ့ အတန်းပညာမရှိခဲ့တော့ Maxine ဟာ အခက်အခဲတွေအများကြီး တွေ့ခဲ့ပါတယ်။

အွန်လိုင်းပေါ် Portfolio တင်ပြီး အလုပ်ရှာခဲ့ပေမယ့် အလုပ်တော်တော်များများက သက်ဆိုင်ရာ အတွေ့အကြုံနဲ့ ကျောင်းဆင်းလက်မှတ် မရှိလို့ဆိုပြီး ပယ်ချခဲ့ပါတယ်။ နောက်ဆုံးတော့ Les Amis ဆိုတဲ့ စားသောက်ဆိုင်မှာ အလုပ်ရပါတယ်။ အဲ့ဒီရောက်တော့မှ စားဖိုမှုးကောင်းတစ်ယောက်ဖြစ်ဖို့ဟာ သက်ဆိုင်ရာ မုန့်ပွဲတွေနဲ့ ပတ်သက်တဲ့ ပါဝင်ပစ္စည်းတွေ၊ မုန့်ဖုတ်နည်းတွေကို သိနေရုံနဲ့မပြီးပဲ သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ရမယ်၊ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အလုပ်ကို ပြီးအောင် လုပ်ရမယ်ဆိုတာတွေကိုပါ သိလာခဲ့ပါတယ်။

စားဖိုမှုးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ရပါတယ်။ နာရီပေါင်းများစွာကြာအောင် မတ်တပ်ရပ်ရတဲ့အပြင် လေးလံတဲ့ ဟင်းချက်ပစ္စည်းတွေကိုလည်း ကိုင်တွယ်နိုင်ရပါမယ်။ ဒါကြောင့် ကိုယ်ခန္ဓာကျန်းမာတောင့်တင်းအောင်လည်း Maxine က ကြိုးစားခဲ့ပါတယ်။ Les Amis မှာ အငယ်တန်း စားဖိုဆောင်ဝန်ထမ်းတစ်ယောက်အနေနဲ့ ပညာသင်ယူပြီးတဲ့နောက် Joël Robuchon  မှာ အငယ်တန်း စားဖိုမှုးလက်ထောက်အဖြစ် အလုပ်ပြောင်းခဲ့ပါတယ်။ အဲ့ဒီကနေတဆင့်မှ ယခုအခါ Vianney Massot မှာ စားဖိုမှုးအကြီးအကဲတစ်ယောက်အဖြစ် အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

အခုဆိုရင် Maxine ဟာ ဒီလောကမှာ ကျင်လည်နေတာ (၅) နှစ်ဝန်းကျင် ရှိနေပါပြီ။ ယူထားရတဲ့ တာဝန်တွေက တဖြည်းဖြည်းများလာတာနဲ့အတူ အလုပ်မှာ စိန်ခေါ်မှုပေါင်းများစွာကိုလည်း နေ့စဉ် ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် သူမက အားမလျော့ပါဘူး။ နေ့စဉ်နေ့တိုင်း မုန့်ဖုတ်နည်း အသစ်တွေကို စမ်းသပ်ရင်း ကြိုးစားရင်း ပြန်ပြင်ရင်းနဲ့ သူမအရည်အသွေးတွေကို အကောင်းဆုံးအသုံးချလျက် ရှိနေပါတယ်။

အသက် (၂၈) နှစ်ရှိပြီဖြစ်တဲ့ Maxine က နောက်လာမယ့် အမျိုးသမီးစားဖိုမှုးတွေကိုလည်း စားဖိုမှုးလောကထဲဝင်မယ်ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုကြောင်း တိုက်တွန်းခဲ့ပါသေးတယ်။ “ကြံ့ကြံ့ခံအောင် ကြိုးစားပါ။ နေ့တိုင်း နေ့တိုင်း စားဖိုဆောင်မှာ အလုပ်လုပ်နေရင်း စိတ်ပျက်လာတာတွေ အခက်အခဲတွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ် ဘာကြောင့် ဒီလောကထဲ ၀င်လာရသလဲ၊ ချက်ပြုတ်နေရရင်၊ မုန့်တွေဖုတ်နေရရင် ကိုယ်ဘယ်လောက်ပျော်ရသလဲဆိုတာ အမြဲအမှတ်ရနေပါ။ ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေကို အမြဲတမ်း မြင်ယောင်ကြည့်နေပါ…” လို့လည်း Maxine က အကြံပေးခဲ့တဲ့အကြောင်း cleo.com.sg ကနေ ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE