ဝတယ်ဆိုပြီး နှိမ်လွန်းတဲ့ လုပ်ဖော်ကိုင်ဘက်ကို အဆုံးစီရင်ခဲ့တဲ့ အမျိုးသား

Weibo/ChinaPress

အနိုင်ကျင့်တယ်ဆိုတာ ဘယ်အသက်အရွယ်ပဲဖြစ်ပါစေ လုံးဝခွင့်မလွှတ်သင့်တဲ့အမူအကျင့်ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ  လူတစ်ယောက်ကို ဖြူတယ်မဲတယ်၊ ခန္ဓာကိုယ် ပိန်တယ်ဝတယ်ဆိုပြီး ဝေဖန်ပြောဆိုတိုက်ခိုက်တဲ့လုပ်ရပ်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းပြီး လူသတ်မှုဖြစ်တဲ့အမှုအခင်းတွေအကြောင်း China Press သတင်းမှာ အခုလိုဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ Banyuwangi မြို့က အသက်(၂၇) အရွယ်အမျိုးသား Ali Heri Sanjayaဟာ အသက်(၁၈)နှစ်အရွယ် ကောလိပ်ကျောင်းသူ Rosida ဆိုသူက သူဝတဲ့အပေါ် အမြဲလိုလို အနိုင်ကျင့်လှောင်ပြောင် ပြောဆိုတဲ့အတွက် သည်းမခံနိုင်တဲ့အဆုံး လူသတ်မှုအထိ ဖြစ်ပွားခဲ့ပါတယ်။

အ၀လွန်ပြီးသိမ်ငယ်နေသူ Ali ကို Rosida က ဖက်တီး၊ ဆူမိုနပန်းသမားကြီးဆိုပြီး မကြာခဏ ပြောဆိုလှောင်ပြောင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

Weibo/ChinaPress

ကြာလာတာနဲ့အမျှ သည်းခံနိုင်မှုတွေကုန်ဆုံးသွားပြီး (၂၀၂၀)ဇန်န၀ါရီလ(၂၄)ရက်နေ့မှာတော့ သတ်ပစ်သည်အထိ ဖြစ်ပွားခဲ့ပါတော့တယ်။

အသတ်ခံရပြီးနောက် Rosidaရဲ့မိသားစုတွေဟာ သမီးဖြစ်သူ အိမ်မပြန်မလာတဲ့အတွက် ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့တာပါ။ အာဏာပိုင်တွေ အပူတပြင်း လိုက်လံရှာဖွေခဲ့ရာ Banyuwangiခရိုင် Kabatက လယ်ကွင်းတစ်ခုမှာ ခန္ဓာကိုယ်ရဲ့(၇၅)ရာခိုင်နှုန်းနီးပါး မီးလောင်ဒဏ်ရာတွေနဲ့အလောင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။

ခန္ဓာကိုယ်မှာ ဆိုးဆိုးဝါးဝါးလောင်ကျွမ်းထားတာကြောင့် မှုခင်းဆရာဝန်နဲ့ စစ်ဆေးကြည့်တဲ့အခါ အလောင်းဟာပျောက်ဆုံးနေတဲ့ Rosidaဖြစ်နေခဲ့တာပါ။

Weibo/ChinaPress

(၂၀၂၀)ဇန်န၀ါရီ(၂၈)ရက်မှာ  တရားခံကို ချက်ချင်းစုံစမ်းရှာဖွေခဲ့ပြီး၊ ဟိုတယ်တစ်ခုမှာ Ali ကိုဖမ်းဆီးခဲ့ပါတယ်။ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်လာတဲ့အချိန်ထိ သူ့ပုံစံက ခံစားမှုတစ်စုံတစ်ရာမရှိတဲ့ပုံပေါက်နေပြီး၊ သူ့လုပ်ရပ်အတွက် နောင်တရပုံမပေါ်ဘဲ အစားစားတောင်မပျက်ဘူးလို့သိရပါတယ်။ Ali ကိုလူသတ်မှုနဲ့တရားစွဲဆိုထားပြီး အင်ဒိုဥပဒေအရ သေဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။

လူတွေဟာ စိတ်သဘောထားခံယူချက်တွေမတူကြတဲ့အတွက် တခြားလူတစ်ယောက်ရဲ့အားနည်းချက်ကို အနိုင်ကျင့်လှောင်ပြောင်ခြင်းဟာ ဘယ်အခြေအနေမျိုးမှာ မဆိုဖြစ်ပွားတတ်ပါတယ်။ ဒါပေမယ့် ဒီရလဒ်ရဲ့အဆုံးသတ်ဟာတော့ ဘယ်တော့မှာ လှပမနေပါဘူး။ ကျောင်းမှာ ဖြစ်ဖြစ် လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် စိတ်သဘောထားမပြည့်ဝသူတွေရဲ့ အနိုင်ကျင့်လှောင်ပြောင်ခြင်းနဲ့တွေ့ကြုံရတဲ့အခါ အားငယ်မနေဘဲ သင်ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Khiang Sandar

SHARE