အနီကတ်ပြတဲ့ ဒိုင်လူကြီးကို လက်သီးနဲ့သုံးလေးချက် ဆင့်ထိုးတဲ့ ဘောလုံးသမား

Twitter/FA

ဘောလုံးပွဲပဲဖြစ်ဖြစ်၊ ဘယ်လိုအားကစားပြိုင်ပွဲမှာဖြစ်ဖြစ် အားနဲ့ယှဉ်ပြိုင်၊ စိတ်ဓာတ်နဲ့ယှဉ်ပြိုင်၊ ကျွမ်းကျင်မှုနဲ့ ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် အနည်းနဲ့အများတော့ ထိခိုက်တာတွေ၊ ပြစ်ဒဏ်ကျူးလွန်တာတွေ၊ မလိုအပ်တဲ့ ဟန်ဆောင်လိမ်ညာမှုတွေတော့ ရှိမှာပါ။ ဒါပေမယ့် ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်မှာတော့ ပရိုပီသဖို့ လိုပါတယ်။ 

ကိုယ့်အသင်းကို နိုင်စေချင်တာ လူတိုင်းရဲ့သဘာဝဆိုသော်လည်း၊ ပရိုမပီသတဲ့အပြုအမူတွေနဲ့ဆိုရင် အရုပ်ဆိုး အကျည်းတန်သွားတတ်ပါတယ်။ ပရိုမပီသသူတွေဟာ ဘယ်လိုနယ်ပယ်မှာပဲဖြစ်ဖြစ်၊ နေရာရဖို့ မလွယ်သလို၊ နေရာ ရထားရင်တောင် ရထားတဲ့နေရာလေး ပျောက်တတ်ပါတယ်။

 

အခုလည်း ကစားသမားတစ်ယောက်ဟာ သူ့ကို အနီကတ်ပြတဲ့ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်တိုက်ခိုက်ခဲ့ပါတယ်။ သူဟာ ဒိုင်လူကြီးကို ဒေါသတကြီး လက်သီးနဲ့ နှစ်ချက်(၃)ချက် ဆင့်ပြီးထိုးခဲ့တာပါ။ လန်ဒန်အနောက်ပိုင်း၊ Acton က ဘောလုံးပွဲတစ်ခုမှာ ဖြစ်ခဲ့တာပါ။ ဒိုင်လူကြီးအမည်ကတော့ Satyam Toki ဖြစ်ပြီး အသက်(၃၂)နှစ်ဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

Toki ဟာ အိန္ဒိယနွယ်ဖွားတစ်ဦးဖြစ်ပြီး၊ ကလေးတစ်ယောက် ဖခင်လည်းဖြစ်ပါတယ်။ မျက်နှာမှာ သွေးထွက်ပေါက်ပြဲဒဏ်ရာရရှိခဲ့တာကြောင့် ဆေးကုသမှုလည်း ခံယူခဲ့ရပါတယ်။ သူဟာ မီးရထားတွဲထိန်းတစ်ဦးလည်းဖြစ်ပြီး၊ အပျော်တမ်းဒိုင်လူကြီးလည်း လုပ်ပေးပါတယ်။

Twitter/SCDMundial

Toki က ပထမတုန်းက အဝါကတ်ပဲ ပြသဖို့စိတ်ကူးခဲ့တာပါ။ ဒါပေမယ့် ဘောလုံးသမားက “ ပွဲပြီးရင် မင်းနဲ့ငါနဲ့ တွေ့မယ်”လို့ ခြိမ်းခြောက်ခဲ့တာကြောင့် အနီကတ်ပြသခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် လက်သီးနဲ့ထိုးပြီး တိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့ Toki က ပြန်ပြောပြခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ ကစားသမားဟာ Sporting Club de Mundial အသင်းမှဖြစ်ပြီး၊ အသင်းတာဝန်ရှိသူတွေက အများပြည်သူသိအောင် ကြေညာချက်ထုတ် တောင်းပန်ခြင်း၊ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့ Toki ကိုလည်း ပုဂ္ဂိုလ်ရေးအရ တောင်းပန်ခြင်းတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ နောက်ပြီး ပြစ်ဒဏ်ကျူးလွန်တဲ့ ကစားသမားကို အသင်းကနေ လုံးဝ ဖယ်ရှားလိုက်ပြီလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါကလပ်ကို ဘောလုံးအားကစားသတင်းတွေ တင်ဆက်နေတဲ့ Mundial မဂ္ဂဇင်းအဖွဲ့က ယမန်နှစ်ကမှာ တည်ထောင်ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါမဂ္ဂဇင်းဟာ ဘောလုံးလောက တိုးတက်ရေးအတွက် Ref Support UK ကိုလည်း တည်ထောင်ထားပြီး၊ ဒိုင်လူကြီးများကို သင်တန်းပေးခြင်း၊ မွမ်းမံမှုများပေးခြင်း စတဲ့ကိစ္စရပ်တွေမှာ အကူအညီပေးနေပါတယ်။

 

ဒီအဖြစ်ရပ်ကြောင့် ပွဲစဉ်လည်း ဆိုင်းငံ့လိုက်ရပါတယ်။ တစ်ဖက်အသင်းကတော့ NW London FC ဖြစ်ပြီး၊ အသင်းမန်နေဂျာ Wasim Khan က သူ့အနေနဲ့ ဒီမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်မိကြောင်း၊ သူ့အသင်းသားတွေ ဒိုင်လူကြီးကို ဝန်းရံကာကွယ်ခဲ့တာကိုလည်း ချီးကျုးကြောင်း ပြောခဲ့ပါတယ်။

NW London FC အသင်းဟာ Middlesex County League Premier Division လိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်ခုဖြစ်ပါတယ်။ အခင်းဖြစ်နေရာကို သူနာပြုအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အမြန်ရောက်လာခဲ့ကြပြီး၊ ကူညီဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကို ဘယ်ပုံဘယ်နည်းနဲ့ ဆက်လက်အရေးယူထားတယ်၊ သူဘယ်သူဘယ်ဝါဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

လင်းသူရိန်

SHARE