မိုးသည်းထဲမှာ တပည့်ကို ထီးမိုးပြီး လိုက်ပို့ပေးခဲ့တဲ့ လေးစားဖွယ်ရာ ကျောင်းအုပ်ကြီး

Facebook/TimHaywood

ကပ်ဆိုးကြီးကာလအတွင်းမှာ လုပ်ငန်းတိုင်း ကမောက်ကမတွေ ဖြစ်ကုန်ကြတာ အားလုံးသိပါလိမ့်မယ်။ တစ်ဦးချင်းပုဂ္ဂလ မဆိုထားနဲ့ အစိုးရအသီးသီးရဲ့ ယန္တယားလည်ပတ်မှုတွေလည်း နှောင့်နေးကြန့်ကြာမှုတွေ ရှိပါတယ်။ လုပ်ငန်းတိုင်းလိုလို ကိုယ်စီအခက်အခဲတွေနဲ့မို့ ဘယ်သူပဲဖြစ်ဖြစ် ဒီကပ်ဆိုးကြီးကနေ ကျော်လွှားချင်နေကြပါပြီ။

ပညာရေးနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်လည်း ကပ်ဆိုးကြီးကြောင့် အဆင်မပြေဖြစ်တဲ့ လုပ်ငန်းတွေထဲမှာ ပါပါတယ်။ တချို့က အွန်လိုင်းပညာရေးစနစ်ကို အကောင်အထည် ဖော်ကြပေမယ့်၊ ဒီစနစ်က ကျောင်းသားတိုင်း၊ ကျောင်းသားမိဘတိုင်းတော့ အဆင်ပြေတာ မဟုတ်ပါဘူး။ ထောက်ခံမှုတွေ ဝေဖန်မှုတွေကလည်း နှစ်ဖက်အမြင်ကွဲနေပါတယ်။

အခုတော့ တစ်ချို့ကျောင်းတွေမှာ အကန့်အသတ်သဘောမျိုးနဲ့ ပြန်ဖွင့်နေကြပြီဖြစ်သလို၊ ကိုဗစ်အခြေအနေ တည်ငြိမ်နေတဲ့ ဒေသတွေမှာတော့ တင်းပြည့်ကျပ်ပြည့် ကျောင်ေးတွ ပြန်ဖွင့်နေတာမျိုး ရှိပါတယ်။ ပညာနဲ့ပတ်သက်တဲ့အရေးဖြစ်လို့ ဘယ်လိုကပ်ဆိုးကြီးပဲဖြစ်ဖြစ် နှောင့်နေးသွားရင် ကလေးတွေအတွက် နစ်နာမှာပါ။

 

အခုလူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဓာတ်ပုံတစ်ခုကတော့ ကျောင်းအုပ်ကြီးတစ်ယောက်ဟာ သူ့တပည့်တစ်ယောက်ကို ထီးမိုးပြီး လိုက်ပို့ပေးနေပုံဖြစ်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းနေချိန်မှာ ထီးမပါတဲ့တပည့်လေးကို လာကြိုတဲ့မိဘတွေဆီအရောက် ကျောင်းအုပ်ကြီးက လိုက်ပို့ပေးခဲ့တာပါ။

ဒီဓာတ်ပုံကို ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ Tim Haywood က ရိုက်ကူးခဲ့တာပါ။ သူဟာ နောက်အပတ်အတွက် ကျောင်းအလုပ်တွေနဲ့ပတ်သက်တဲ့ Module တွေကိုယူဖို့ ရောက်နေခဲ့တာဖြစ်ပါတယ်။ ထူးခြားတာက ကျောင်းအုပ်ကြီးဟာ တပည့်လေး မိုးလုံစေရေးကို ဦးစားပေးထားပြီး၊ သူကတော့ သတ်မှတ်ထားတဲ့ Social distancing ကို လိုက်နာပြီး ခပ်လှမ်းလှမ်းကနေ လိုက်ပို့ခဲ့တာပါ။

Went by the school today to pick up next week’s packet of work for our first grader. As I drove into the pick-up line, I…

Posted by Tim Haywood on Friday, August 14, 2020

ဒီအကြောင်းကို Tim က လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။ ကျောင်းအုပ်ကြီးနာမည်ကိုတော့ ဒေါက်တာ Simmons လို့သာ ဖော်ပြထားပါတယ်။ Tim က ကျောင်းအုပ်ကြီးကို သတိထားမိချိန်မှာပဲ သူတို့က တော်တော်လှမ်းလှမ်းကို ရောက်နေပြီလို့ ပြောပါတယ်။ ကျောင်းအုပ်ကြီးဟာ မိုးရေတော်တော်လေး စိုနေတာကိုလည်း သတိထားမိတယ်လို့ Tim က ဖော်ပြထားပါတယ်။ ဒါဟာ လက်ရှိအခြေအနေမှာ Social distancing က အရေးကြီးနေကြောင်း ကလေးတွေအတွက် စံပြဖြစ်စေခဲ့တာပါ၊

Twitter_JohnsonCityPress

Tim က “ ဆရာတွေဆိုတာ အားလုံးရဲ့ စံပြပုဂ္ဂိုလ်တွေ ဖြစ်ပါတယ် … အခုလို သတိပေးလိုက်သလို ဖြစ်စေခဲ့တဲ့ ခင်ဗျားရဲ့လုပ်ဆောင်မှုအတွက်  ကျေးဇူးပါ ဒေါက်တာ Simmons ရေ ”လို့ သူရဲ့ပို့စ်ကို အဆုံးသတ်ထားပါတယ်။ ဆရာတွေဆရာမတွေဆိုတာ တပည့်တွေကို သင်ကြားပေးရုံသာမက အသေးစိတ် ပြန်ပြီးဂရုစိုက်တဲ့အလေ့အကျင့် ရှိကြပါတယ်။

လင်းသူရိန်

SHARE