UFC မှာ အလုပ်, လာလုပ်ဖို့ ကမ်းလှမ်းခံရတဲ့အထိ လက်သံပြောင်ခဲ့တဲ့ လုံခြုံရေးဝန်ထမ်း

Twitter/DanaWhite

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Summer Tapasa-Sataraka ဟာ ဟာအိုင်အီမှာ ရှိတဲ့ စူပါမားကတ်တစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ပါ။ သူ(မ)ဟာ စူပါမားကတ်ကို စောင့်ရှောက်ပေးနေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။

တစ်နေ့မှာတော့ စူပါမားကတ်ထဲကို ဝင်လာပြီး မသမာတဲ့ နည်းလမ်းနဲ့ ဓားပြတိုက်ဖို့ ကြံစည်နေသူတစ်ဦးကို သူ(မ)ကိုယ်တိုင် တားဆီးပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် သူ(မ)ဟာ အဲဒီလို ဓားပြတိုက်မှုကို ကာကွယ်ပေးခဲ့တာဟာ မျက်နှာကောင်းမရတဲ့ အပြင် သူ(မ)ရဲ့ အလုပ်ကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

စူပါမားကတ်ထဲ ဝင်လာတဲ့ ဓားပြကို တားဆီးခဲ့ပုံတွေကို CCTV မှတ်တမ်းမှာ အခုလိုတွေ့ရပါတယ်။ ဒီ မှတ်တမ်းဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားပြီးနောက်ပိုင်းမှာတော့ မတရားသဖြင့် အလုပ်ထုတ်ခံခဲ့ရတဲ့ သူ(မ)အတွက် နောက်ထပ် အလုပ်တစ်ခုက စောင့်ကြိုနေခဲ့ပါတယ်။ အဲဒါကတော့ CCTV မှတ်တမ်းထဲမှာ ဓားပြကိုကာကွယ်တုန်းက သူ(မ) လုပ်ဆောင်ခဲ့တဲ့ အရာတွေဟာ တကယ့်လက်ဝှေ့သမားတွေ လုပ်တဲ့ အလုပ်မျိုး၊ အပြုအမူမျိုးဖြစ်နေတာကြောင့် ကမ္ဘာမှာ အကြီးဆုံး MMA (Mixed Martial Art)ပြိုင်ပွဲလို့ သတ်မှတ်ခံထားရတဲ့  Ultimate Fighting Championship (UFC) ရဲ့ ဥက္ကဌဖြစ်သူ Dana White က သူ့ဆီမှာ အလုပ်လာလုပ်ဖို့ ကမ်းလှမ်းချက်ပါပဲ။ ဘယ်နေရာမှာ ဘယ်လိုအလုပ်,လုပ်ရမယ် ဆိုတာကိုတော့ Dana White က မပြောကြားသေးပါဘူး။

Dana White ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတော့ သူ(မ)နဲ့ ပတ်သက်တဲ့ စာတွေကို ရေးတင်ထားပါတယ်။ “သူ(မ)ဟာ ဆမ်းမားဖြစ်တယ်။ ဟာဝိုင်အီမှာရှိတဲ့ ကုန်တိုက်ထဲက ပစ္စည်းတွေခိုးယူမယ့်ကောင်ကို တားဆီးနိုင်ခဲ့တယ်။ သူ(မ)က ဒါကြောင့် အလုပ်ထုတ်ခံခဲ့ရတယ်။ ဒီတစ်ပတ်မှာ ငါ သူ့ဆီကို လေယာဉ်နဲ့ ချက်ချင်းသွားပြီး McGregor နဲ့ Cowboy တို့ရဲ ပွဲအတွက် လက်မှတ်သွားပေးခဲ့တယ်။ သူ(မ)ကို ငါ့အတွက် အလုပ်လုပ်စေချင်တယ်။ မင်းဘဝရဲ့ အကောင်းဆုံးနေ့ရက်တွေအတွက် အဆင်သင့်ပြင်ထားပါ ဆမ်မားရေ”လို့ ရေးသားထားပါတယ်။အခုအချိန်အထိ သူ(မ) ဘာကြောင့် အခုလို အလုပ်ထုတ်ခံခဲ့ရသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိသေးပါဘူး။

This is Summer Tapasa-Sataraka. She stopped this punk from getting away with stealing from BestBuy in Hawaii. She got fired for this. Flying her in this weekend and giving her tickets to the McGregor vs Cowboy fight. I WANT HER TO WORK FOR ME! Get ready for the best weekend of your life Summer

Posted by Dana White on Friday, January 10, 2020

Summer Tapasa-Sataraka ဟာ သူဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်အကြောင်းကို သူ(မ)ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။

“(ဓားပြ) အဲဒီကောင် ဆိုင်ထဲ စဝင်လာကတည်းက ငါ သတိထားမိခဲ့တယ်။ ကင်မရာမှာ သူ့ကို ငါ တစ်လျှောက်လုံး စောင့်ကြည့်နေခဲ့တယ်။ သူ ခိုးတော့မယ့် ပစ္စည်းနားသွားခဲ့တာကိုလည်း ငါ မြင်တယ်။ အဲဒီနားမှာ ရှိတဲ့ ဝန်ထမ်းကလည်း အရမ်းအလုပ်များနေတယ်။ သူ စပြီး ပြင်ဆင်တော့တာပေါ့။ ငါလည်း ဒီနေ့တော့ မရဘူး ငါ့ကောင်ရေ လို့ တွေးလိုက်တယ်။ အဲဒီကောင်က  စဝင်လာကာစတုန်းကလည်း သက်တောင့်သက်သာပဲ။

ငါ သူ့ကို ရပ်တန့်မှ ဖြစ်တော့မယ်ဆိုတာ သိလိုက်တယ်။ နောက်တစ်ကြိမ်ထပ်ဝင်လာတော့လည်း သူ အရင်လို ခိုးဖို့ ပြင်ဆင်တော့တာပဲ။ ငါဘယ်သူ့အတွက်မှ အခုလို လုပ်ခဲ့တာမဟုတ်ဘူး။ ဝန်ထမ်းကောင်းဆုရဖို့လည်း ငါ လုပ်ခဲ့တာမဟုတ်ဘူး။ မန်နေဂျာအတွက်လည်း ငါ လုပ်ခဲ့တာမဟုတ်ဘူး။ ကော်ပိုရေးရှင်းအတွက်လည်း ငါ လုပ်ခဲ့တာမဟုတ်ဘူး။ သူ ဒီလို လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာကို သိဖို့တစ်ခုတည်းအတွက် ငါလုပ်ခဲ့တာပဲ”

အခုအချိန်မှာတော့ ဓားပြရန်ကနေ ကာကွယ်ပေးလို့ အလုပ်ထုတ်ခံလိုက်ရတဲ့ ဆမ်းမားတစ်ယောက်ကတော့ UFC မှာ အလုပ်,လုပ်ဖို့ ကမ်းလှမ်းချက်တွေ ရရှိနေပြီဖြစ်ပါတယ်။

 

READ
မိဘရဲ့ အုတ်ဂူနားမှာ မြေကြီးထဲ ကျွံကျသွားလို့ သုဿာန်ကို တရားစွဲထားတဲ့ အမျိုးသမီး

Ye Yint Kyaw

SHARE