ဝတ်ထားတဲ့ T-Shirt ကြောင့် ရဲက အလွယ်တကူ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ သူခိုး

Wichita County Sheriff's Office_Amazon.com

သူခိုးတစ်ယောက်ဟာ ကိုယ့်ဂုဏ်ကိုယ်ဖော်၊ မသူတော်ဆိုတဲ့စကားအတိုင်း မှတ်မိလွယ်အောင် ဝတ်ထားတဲ့ အင်္ကျီကြောင့် ရဲက အလွယ်တကူ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ သူ့အမည်ကတော့ John Hunt ဖြစ်ပါတယ်။ သူဟာ တက္ကဆက်ပြည်နယ်၊ Wichita Falls မှာ ခိုးမှု ကျူးလွန်ခဲ့တာပါ။

Walmart စတိုးတစ်ခုမှာ ဝင်ရောက်ခိုးခဲ့တာဖြစ်ပြီး၊ John က ဝန်ထမ်းတွေက စကားဖောရောလုပ် အာရုံလွှဲုပြီး၊ ခိုးဖော်ခိုးဖက်ဖြစ်တဲ့ Kevin LaPointe ကို ပစ္စည်းတွေ အလစ်သုတ်လို့ရအောင် ဂွင်ဆင်ပေးခဲ့ပါတယ်။ မကြာမီမှာပဲ သူဝတ်ထားတဲ့ T-Shirt ကြောင့်ပဲ အဖမ်းခံလိုက်ကြောင်း Metro သတင်းစာက ဖော်ပြခဲ့ပါတယ်။

Wichita County Sheriff’s Office

သူတို့နှစ်ယောက်ကို ဝန်ထမ်းတစ်ချို့က ရိပ်မိပြီး နောက်ယောင်ခံလိုက်ပေမယ့် သူခိုးပီပီ အမြန်ထွက်ပြေးခဲ့ကြတာပါ။ ထွက်ပြေးပြီး လမ်းစဖျောက်တာ မြန်သလောက် John ကတော့ ခိုးမှုကျူးလွန်စဉ်က ဝတ်ထားတဲ့ I POOPED TODAY! စာတန်းပါ အင်္ကျီကို ချွတ်ထားဖို့ မေ့နေခဲ့ဟန်ရှိပါတယ်။

ဝန်ထမ်းတွေက ရဲကို သူခိုးအကြောင်း သိနိုင်သမျှ အသေးစိတ် ပြန်ပြောတဲ့အခါမှာ ရဲတစ်ယောက်က ဒီလူတွေဟာ တခြားနေရာမှာလည်း သီးခြားလုယက်မှုတွေ ကျူးလွန်ခဲ့ကြောင်း မှတ်မိသွားပါတယ်။ John ကို ချက်ချင်းဆိုသလို ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Amazon.Com

John ဟာ ခိုးမှုတွေကို ဝန်ခံခဲ့တာကြောင့် ဇူလိုင်(၃၁)ရက်မှာ ထောင်ဒဏ် (၉)လ ချမှတ်ခံခဲ့ရပါတယ်။ အခြားသတင်းမှာတော့ သူရဲ့ ခိုးဖော်ခိုးဖက် Kevin LaPointe ကိုလည်း ဖမ်းမိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကိုလည်း အလားတူပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE