အခြေချမယ့်လူသစ်တွေကို မျှော်နေရှာတဲ့ လူ(၃၀)ဝန်းကျင်သာရှိတဲ့ စကော့တလန် ကျွန်းရွာလေး

Isleofrum.com

စကော့တလန် ကမ်းရိုးတန်းနဲ့ မနီးမဝေးက ကျွန်းငယ်လေးမှာ လူဦးရေ (၃၂)ယောက်သာရှိလို့ အခြေချလာမယ့် လူသစ်တွေကို တစ်ရွာလုံးက မျှော်နေကြတယ်လို့ ဆိုပါတယ်။ ကျွန်းကလေးနာမည်ကတော့ Isle of Rum ဖြစ်ပြီး၊ ကျွန်းလေးပေါ်မှာ Kinloch ဆိုတဲ့ ရွာလေးရယ်၊ Harris ဆိုတဲ့ရွာလေးရယ်ဆိုပြီး နှစ်ရွာည်ရှိပါတယ်။

တကယ်လို့ နေထိုင်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့တော့ Kinloch  ရွာလေးမှာ အိမ်အသစ်တွေ ဆောက်လုပ်ထားပြီးသား ရှိနေပြီး၊ အခြေချနေထိုင်မယ်ဆိုပါက လျှောက်လွှာတင်ပေးရမှာ ဖြစ်ပါတယ်။ ဒေသခံတစ်ဦးဖြစ်တဲ့ Lesley Watt က “ ဒီမှာကတော့ လူဦးရေ (၃၂)ယောက်ပဲ ရှိပါတယ် … ကလေး(၆)ယောက် အပါအဝင်ပေါ့ … ”လို့ ပြောပါတယ်။

သူမက ဆက်လက်ပြီး “ ကလေးတစ်ယောက်ကတော့ မူကြို တက်နေပါတယ် .. နှစ်ယောက်ကတော့ မူလတန်း တက်နေကြတယ် … ကျွန်မတို့အနေနဲ့ ကျောင်းထဲမှာ ကလေးတွေ ပြည့်နေတာကို မြင်ချင်သလို၊ နောက်လာမယ့် ကျွန်းသားမျိုးဆက်အတွက်လည်း လိုအပ်နေပါတယ် ”လို့ ပြောခဲ့ပါတယ်။

Isle of Rum ရဲ့လူမှုကွန်ရက် Page မှာလည်း သူတို့ကျွန်းငယ်လေးပေါ်မှာ ကျွန်းနဲ့ လိုက်လျှောညီထွေရှိမယ့် ကျွန်းနေလူငယ်တွေနဲ့ ဒေသခံတွေအတွက်၊ အပြုသဘောဆောင်တဲ့ လမ်းညွှန်ပြသမှုတွေ ပြုလုပ်နိုင်မယ့် လူတစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ ရွာသားတွေအဖြစ် လက်ခံဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

Instagram/OonaghMoon

ကျွန်းအာဏာပိုင်တွေကတော့ ငယ်ရွယ်နုပျိတဲ့ မိသားစုဝင်အသစ်တွေကို မျှော်လင့်နေကြပြီး၊ ကျွန်းကလေးရဲ့ သာယာလှပတဲ့ ရှုမျှော်ခင်းတွေနဲ့ ကလေးတွေအတွက် ကျယ်ပြန့်စွာကစားဖို့ရတဲ့ မြေကွက်အလွတ်ကြီးတွေလည်း ရှိထားနှင့်ပြီလို့ ဆိုပါတယ်။

ကျွန်းရဲ့ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ The Isle of Rum Community Trust ရဲ့ ကြေညာချက်အရ သူတို့ဟာ အိမ်အသစ်(၄)လုံးတည်ဆောက်ထားပြီဖြစ်ကြောင်း၊ အိမ်ရှင်အသစ်တွေကို မျှော်လင့်နေပြီဖြစ်ကြောင်း ဆိုပါတယ်။ အိမ်ကလေးတွေမှာ အိမ်ခန်းနှစ်ခန်းစီ ပါဝင်ပြီး သာယာတဲ့ Rum Cullin တောင်ကို မြင်ရမှာဖြစ်သလို၊ သမင်တွေ တောင်ဆိတ်တွေလည်း ကြည့်ရမယ်လို့ မက်လုံးပေးထားပါတယ်။ ကျွန်းလေးပေါ်မှာ အခြေချဖို့ စိတ်ဝင်စားရင်တော့ ဒီစာပိုဒ်ကို နိုပ်ပြီး လျှောက်ထားနိုင်ပါတယ်။

လင်းသူရိန်

SHARE