လေယာဉ်မစီးခင် ကိုယ်ဝန်မရှိကြောင်း အစစ်ဆေးခံပြီး သက်သေပြခဲ့ရတဲ့ အမျိုးသမီး

Freepik/TGNN

အသက်(၂၅)နှစ်သာရှိသေးတဲ့ ဂျပန်အမျိုးသမီးငယ်တစ်ဦးဟာ လေယာဉ်မစီးခင်မှာ ကိုယ်ဝန်မရှိကြောင်း သက်သေပြခဲ့ရတယ်လို့ ဆိုပါတယ်။ သူမဟာ ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ Hong Kong Express လေကြောင်းလိုင်းကို စီးနင်းလိုက်ပါဖို့ ရွေးချယ်ခဲ့တာပါ။

တာဝန်ရှိသူတွေက သူမအနေနဲ့ လေယာဉ်စီးမယ်ဆိုရင် ကိုယ်ဝန်မရှိကြောင်း သက်သေပြဖို့လိုတယ်လို့ အပြောခံခဲ့ရတာပါ။ သူမဟာ အဲဒီလေယာဉ်နဲ့ Saipan ကျွန်းကို သွားမှာ ဖြစ်ပါတယ်။ ဒီလို ခွဲခြားဆက်ဆံခံရမှုအတွက် အဲဒီအမျိုးသမီးက အတော်လေး မကျေမနပ်ဖြစ်နေပြီး၊ တမင်သက်သက် နှောက်ယှက်တာလို့ ဝေဖန်ခဲ့ပါတယ်။

Wikimedia Commons

အဆိုပါ လေကြောင်းလိုင်းဟာ အဝလွန်နေတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ရှိနေတဲ့လူနဲ့ မှားယွင်းနိုင်တာကြောင့် အခုလို မယုံသင်္ကာရှိတဲ့အခါမျိုးမှာ ကိုယ်ဝန်မရှိကြောင်းသက်သေပြဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ သူမကို လေကြောင်းဝန်ထမ်းတွေက ကိုယ်ဝန်မရှိကြောင်း သက်သေပြဖို့ပစ္စည်းကို ပေးပြီး  သန့်စင်ခန်းကိုသွားခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို လုပ်ရပ်ဟာ အမျိုးသမီးတွေအတွက် အတော်လေး ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ရှိလာခဲ့အတွက် လေကြာင်းလိုင်းတာဝန်ရှိသူက အဆိုပါ အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း CNN ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တာဝန်ရှိသူက “ တစ်ဖက်သားမှာ စိတ်ထိခိုက်ခဲ့ရတဲ့အတွက် ကျွန်တော်တို့ တောင်းပန်ချင်ပါတယ် …Saipan ကို သွားမယ့်အမျိုးသမီးတစ်ချို့အနက် ပြီးခဲ့တဲ့ (၂၀၁၉) ဖေဖော်ဝါရီကတည်းက အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အခုလို ကြပ်မက်ခဲ့ရတာပါ … အခု စီမံခန့်ခွဲမှုအသစ်အရ .. ဒီအစဉ်ကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို နားလည်လို့ ကျွန်တော်တို့ ဒီအစဉ်ကို ချက်ချင်း ပယ်ဖျက်လိုက်ပါပြီ  ”လို့ ပြောခဲ့ပါတယ်။

Twitter/AnnaAero

Saipan ကျွန်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မျက်စိကျလေ့ရှိတဲ့ ကျွန်းတစ်ခုပါ။ ဒီကျွန်းဟာ အမေရိကန်မြောက်ပိုင်း မာရီယာနာကျွန်းရဲ့ ဓနသဟာယအုပ်ချုပ်မှုအောက်မှာ ရှိပြီး၊ နိုင်ငံခြားသူတွေဟာ သူတို့ကလေးတွေကို အမေရိကန်မြေမှာ မွေးဖွားတယ်ဆိုပြီး ပြောလို့ရအောင် ဒီကို လာရောက်ကြလေ့ရှိပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် တရုတ်အပါအဝင် မည်သည့်နိုင်ငံသားမဆို ဗီဇာမလိုပဲ ခရီးသွားလာခွင့်ရနိုင်တဲ့ အခွင့်အရေးကို ယူတတ်ကြလို့ပါ။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေကလည်း ဒီအတိုင်း အတိအကျ ပြဋ္ဌာန်းထားတဲ့အတွက် Saipan ကျွန်းနဲ့ သက်ဆိုင်တဲ့အာဏာပိုင်တွေက သူတို့ဆီကို မလာခင် အမျိုးသမီးတွေကို ကိုယ်ဝန်ရှိနေတာမျိုးကို တားမြစ်ဖို့ စီမံခဲ့တာပါ။ (၂၀၁၈)ခုနှစ်တစ်ခုတည်းမှာပင် အဲဒီကျွန်းပေါ်မှာ ကလေး (၅၈၂)ယောက် မွေးဖွားခဲ့ပြီး၊ ၎င်းတို့အနက် (၄၉၂)ယောက်မှာတော့ အမြဲတမ်းနေထိုင်သူတွေက မွေးဖွားခဲ့တာပါ။

လင်းသူရိန်

SHARE