ချစ်သူနဲ့အတူ ဓားပြတိုက် ငွေရှာပြီးမှ ပျော်ပျော်ကြီး စေ့စပ်ပွဲကျင်းပခဲ့တဲ့ အမျိုးသမီး

Morganton Department of Public Safety

စတိုင်းဆိုင်က အရောင်းစာရေးဝန်ထမ်းအမျိုးသမီးနဲ့ သူမစေ့စပ်ထားတဲ့ အမျိုးသားတို့ကို (၂၅.၁၁.၂၀၁၉)ညက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး ရဲက စွဲချက်တင် ဖမ်းဆီးခဲ့ကြောင်း Fox News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံ Carbon City Road လမ်းမပေါ်မှာဖွင့်လှစ်ထားတဲ့စတိုးဆိုင်မှာ အရောင်းစာရေးမအဖြစ် အလုပ်,လုပ်နေတဲ့ Callie Elizabeth Carswell ကို အန္တရာယ်ရှိတဲ့လက်နက်နဲ့ ဓားပြတိုက်မှုမှာ ကြံရာပါတစ်ယောက်အဖြစ်ပါဝင်မှု၊ ရဲကို လိမ်လည်လှည့်ဖြားပြီး အကြောင်းကြားမှု စတဲ့စွဲချက်တွေနဲ့ တရားစွဲဆိုထားတယ်လို့ ပြည်သူ့လုံခြုံရေးဌာနမှ စုံစမ်းစစ်ဆေးရေးမှူး J. Brown ကပြောပါတယ်။

Carswell နဲ့စေ့စပ်ထားတဲ့ Clarence Moore III ကိုလည်း အန္တရာယ်ရှိတဲ့လက်နက်ကိုင်ဆောင်ပြီး ဓားပြတိုက်မှုနဲ့စွဲချက်တင် ဖမ်းဆီးထားတယ်လို့ Brown က ဆက်လက်ပြောကြားခဲ့ပါတယ်။

Morganton Department of Public Safety

(၂၅.၁၁.၂၀၁၉)ည (၁၀)နာရီဝန်းကျင်လောက်မှာ ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး လည်ပင်းမှာ ပုဝါပတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ စတိုးဆိုင်ထဲကို ၀င်လာပြီး စာရေးမဆီကနေ လက်နက်ပြပြီး ပိုက်ဆံတောင်းခဲ့ပါတယ်။ အဲ့ဒီနောက် အဆိုပါအမျိုးသားဟာ စာရေးမဆီကရတဲ့ အမေရိကန်ဒေါ်လာ(၂၉၆၀)ကိုယူပြီး စတိုးဆိုင်ထဲကနေ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးရုံးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တာဝန်ရှိသူတွေဟာ စာရေးမ Carswell ရဲ့ဖုန်းထဲက ဒေတာတွေကို ရှာကြည့်လိုက်တဲ့အခါမှာ ဓားပြတိုက်ခံရပြီး နောက်တစ်နေ့ဖြစ်တဲ့ (၂၆.၁၁.၂၀၁၉)မနက်ပိုင်းမှာ ဓားပြတိုက်ခဲ့သူအမျိုးသား Moore နဲ့ Walmart မှာစေ့စပ်ထားတဲ့ဗီဒီယိုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Walmart မှာပဲ သူတို့ရဲ့စေ့စပ်လက်စွပ်ကို ၀ယ်ပြီး အဲ့ဒီမှာပဲ စေ့စပ်ခဲ့ကြတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိတဲ့ ဗီဒီယိုဖိုင်အရ သိရပါတယ်။

ရဲတွေက Moore ရဲ့ကားထဲကိုလည်း ဖမ်းဝရမ်းနဲ့ရှာဖွေမှုတွေ လုပ်လိုက်တဲ့အခါမှာလည်း စတိုးဆိုင်က ယူသွားတဲ့ ပိုက်ဆံတွေကို တွေ့ရှိခဲ့ပြီး ဓားပြတိုက်မှုမှာ လိုအပ်တဲ့ပစ္စည်းတွေကို ၀ယ်ဖို့လုပ်ထားတဲ့ စာရင်းကို ရေးထားတဲ့ လက်ရေးမူကိုလည်း ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ဒါ့အပြင် ဓားပြတိုက်တုန်းက ၀တ်ထားခဲ့တဲ့ အ၀တ်အစားတွေနဲ့ လက်နက်ကိုလည်း Moore နဲ့ Carswell တို့ရဲ့အိမ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဓားပြတိုက်တဲ့သူလည်း ပိုက်ဆံမပေးရင်တစ်ခုခုလုပ်မှာလို့ပြောတာကြောင့် ကောင်တာမှာရှိတဲ့ပိုက်ဆံတွေ ကိုထုတ်ပေးခဲ့တာဖြစ်တယ်လို့ မျက်ရည်တွေနဲ့ပြန်လည်ပြောကြားခဲ့ပါတယ်။ အဆိုပါဓားပြဆိုင်ထဲကထွက်သွားတဲ့အချိန်မှသာ ရဲကိုအကြောင်းကြားရဲတာဖြစ်တယ်လို့လည်း Carswell ကရဲတွေကိုရှင်းပြခဲ့ပါတယ်။ပြီးတော့ အဲ့ဒီဓားပြရဲ့မျက်နှာကို မျက်နှာဖုံးအုပ်ထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ပါဘူးလို့လည်း ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ရဲတွေက သူတို့ရဲလုပ်ထုံးလုပ်နည်းတွေနဲ့ နည်းလမ်းတကျ စုံစမ်းစစ်ဆေးလိုက်တဲ့အခါမှာ ဒီလုယက်မှုမှာ Carswell ဟာ ကြံရာပါဆိုတာကို သိရှိခဲ့ရပါတယ်။

Morganton Department of Public Safety

ဓားပြတိုက်မှုမဖြစ်ခင် အစောပိုင်းတုန်းကလည်း အဆိုပါအမျိုးသားဟာ ဓားပြတိုက်တုန်းကအတိုင်း အ၀တ်အစားတွေကို ၀တ်ဆင်ပြီး စတိုးဆိုင်ထဲကိုဝင်လာခဲ့သေးတာကို စောင့်ကြည့်ကင်မရာကနေတွေ့ရှိခဲ့တယ်လို့ ရဲတွေကဖော်ပြခဲ့ပါ တယ်။

ရဲတွေရဲ့စစ်ဆေးမေးမြန်းမှုတွေကြောင့် ဒီအမှုမှာ အဆိုပါစာရေးမပါဝင်ပတ်သက်နေတယ်လို့ Moore ကဖော်ထုတ်ခဲ့ ပေမယ့် Carswell ကတော့ ငြင်းဆိုမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ Brown ကပြောပါတယ်။

အခုချိန်မှာတော့ သူတို့နှစ်ယောက်လုံးကို အမေရိကန်ဒေါ်လာ(၅၀,၀၀၀)နဲ့ အာမခံပေး လွှတ်ထားခဲ့ပေမယ့် နိုဝင်ဘာ(၂၆)ရက်နေ့မှာတော့ တရားရုံးမှာ ပြန်လည်ကြားနာမှုတွေ လုပ်ခဲ့ပြီး နှစ်ယောက်လုံးကို ထပ်ပေါင်းစွဲချက်တွေနဲ့ တရားစွဲဆိုဖို့ ရဲဖက်က လုပ်ဆောင်နေပါတယ်။

Khaing Sandar

SHARE