ယခုနှစ် ၂၀၁၈ အတွင်း ဆွီဒင်နိုင်ငံသား ဦးရေ ၄,၀၀၀ ကျော်လောက်ဟာ သူတို့ရဲ့ လက်အသားထဲကို မိုက်ခရိုချစ်ပ်တွေ ခွဲထည့်ပြီး ID ကတ် အစားထိုး အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒီနည်းပညာဟာ အိုင်ဒီကတ် တော်တော်များများကို အစားထိုးအသုံးပြုနိုင်စေဖို့ ရည်ရွယ်တီထွင်ထားတာဖြစ်ပြီး မိမိနဲ့ သက်ဆိုင်တဲ့ အချက်အလက်ကို ကိုယ်နဲ့မကွာ ထိန်းသိမ်းထားနိုင်မယ့် နည်းဖြစ်ပါတယ်။

ဆွီဒင်ရဲ့ နည်းပညာ စွန့်ဦးတီထွင်မှု ဈေးကွက်မှာ ဦးဆောင်နေနိုင်တဲ့ BioHax International ကုမ္ပဏီက ဒီနည်းပညာကို ဖန်တီးခဲ့တာဖြစ်ပြီး ၂၀၁၅ ကစလို့ စတင်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ၂၁၀၇ မှာတော့ အသုံးပြုသူ ၁၀၀ ခန့်သာ ရှိသေးခဲ့ပေမယ့် တစ်နှစ်အတွင်း လူဦးရေ ၄,၀၀၀ အထိ တိုးလာခဲ့ပါတယ်။ လက်အသားထဲကို မိမိရဲ့ အချက်အလက်တွေ ပါဝင်တဲ့ မိုက်ခရိုချစ်ပ် ထည့်ထားတာက ဘာတွေအတွက် အသုံးဝင်လဲဆိုရင် ဘဏ်ကတ်တွေအဖြစ် သုံးလို့ရတယ်၊ ခရီးသွားငွေချေကတ်တွေနဲ့ အဆောက်အဦးတွေထဲ ဝင်ခွင့်ရှိတဲ့ သော့တွေအဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ စကန်ဖတ်တဲ့ စက်အရှေ့ကို မိမိရဲ့ လက်လေး ကပ်လိုက်ရုံနဲ့ပါ။

ရထားစီးဖို့ လက်မှတ်ဖြတ်တာကအစ မိုက်ခရိုချစ်ပ်ထည့်ထားတဲ့ လက်နဲ့ ဖြေရှင်းလိုက်ရုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပညာအသစ်အဆန်းဖြစ်တာနဲ့အညီ error အနည်းငယ်ကတော့ ရှိနေတုန်းပါပဲ။ တစ်ခါမှာတော့ ရထားလက်မှတ်ဖြတ်ဖို့ လက်ကို ပြလိုက်တဲ့အချိန်မှာ လက်ပိုင်ရှင်ရဲ့ ဆိုရှယ်မီဒီယာ LinkedIn အကောင့်ပရိုဖိုင်ကိုသာ စကန်ဖတ်မိခဲ့တာမျိုး ဖြစ်ခဲ့ဖူးပါသေးတယ်။ မိုက်ခရိုချစ်ပ်ကို လက်ထဲထည့်တဲ့ ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁၈၀ ခန့်ရှိပြီး ကုမ္ပဏီတော်တော်များများက သူ့တို့ ဝန်ထမ်းတွေအတွက် အခမဲ့ ထည့်သွင်းပေးတယ်လို့လည်း သိရပါတယ်။ ဝန်ထမ်းတွေက ကုမ္ပဏီထဲ ဝင်ခွင့်အတွက်လည်း လက်ထဲက မိုက်ခရိုချစ်ပ်ကို အသုံးပြုရပြီး ကန်တင်းတွေမှာ အစားအသောက် မှာတာကအစ ထိုချစ်ပ်နဲ့ပဲ ပြုလုပ်ရတယ် ဆိုပါတယ်။

မိုက်ခရိုချစ်ပ်အရွယ်အစားမှာ ဆန်စေ့တစ်စေ့စာမျှ ရှိပြီး ထည့်သွင်းရတဲ့ နေရာကတော့ လက်မနဲ့ လက်ညှိုးထောင့်နေရာမှာ ဖြစ်ပါတယ်။ ID ကတ်အနေသာ သုံးနိုင်ပြီး GPS မထည့်သွင်းထားတာကြောင့် လူတစ်ယောက်ကို ခြေရာခံလို့လည်း မရနိုင်ပါဘူး။ စကန်ဖတ်စက်နဲ့ လက်မ အနည်းငယ်အကွာကနေသာ ဖတ်နိုင်တာကြောင့် မသမာသူတွေလည်း အလွယ်တကူ အချက်အလက်တွေကို မခိုးယူနိုင်ပါဘူး။ Lund မြို့ရှိ MAX IV ဓာတ်ခွဲခန်းမှ အဏုဇီဝသိပ္ပံပညာရှင် Ben Libberton ကတော့ လက်အသားထဲမှာ ထည့်ထားတဲ့ ထိုမိုက်ခရိုချစ်ပ်တွေဟာ အခုအနေနဲ့တော့ ဒေတာအနည်းငယ်သာ သိမ်းဆည်းနိုင်သေးပေမယ့် အနာဂတ်မှာတော့ ပိုများတဲ့ ဒေတာတွေကို သိုလှောင်လာနိုင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။


Ref: Dailymail, Bright Side, Business Insider, CBN