ဖခင်ကို ညီအစ်မသုံးယောက်က သတ်ဖြတ်ပြီး သနားအောင် ဇာတ်လမ်းဆင်ဟု စွတ်စွဲခံရ

The Investigate Committee of Russia

ရုရှားသန်းကြွယ်သူဌေးကြီးကို သမီးသုံးယောက်က ဝိုင်းပြီးရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အမှုအခင်းတစ်ခုဟာ ကမ္ဘာ့သတင်းမီဒီယာထက်မှာ အလွန်ရေးပန်းစားခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီအမှုဟာ (၂၀၁၈)ခုနှစ် ဇူလိုင်လ (၂၈)ရက်မှာ ဖြစ်ခဲ့တာပါ။ ညီအစ်မသုံးယောက်စလုံးကို သက်ဆိုင်ရာက ပြစ်မှုကြီးနဲ့ စွဲချက်တင်ခဲ့ပါတယ်။

ညီအစ်မသုံးယောက်ရဲ့အမည်ကတော့ Krestina, Angelina နဲ့ Maria Khachaturyan ဖြစ်ပြီး၊ အကြီးမနှစ်ဦးကို ရုရှားနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ ဥပေဒပုဒ်မ (၁၀၅-၂(ဆ))အရ ပြစ်မှုစွဲဆိုခြင်း ခံခဲ့ရပါတယ်။ ဒီဥပဒေအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်(၂၀)ဆီ အသီးသီး ချမှတ်နိုင်ကြောင်း သိရပါတယ်။

Krestina, Angelina နဲ့ Maria Khachaturyan တို့ ညီအစ်မသုံးယောက်ကတော့ သူတို့ရဲ့ဖခင် Mikhail Khachaturyan ဟာ သူတို့ကို နေ့စဉ်နဲ့အမျှ အနိုင်ကျင့်နှိပ်စက်ခြင်း၊ လိင်ပိုင်းစော်ကားခြင်းတွေ ပြုမူခဲ့ကြောင်း တညီတညွှတ်တည်း ထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့် Mikhail အိပ်နေချိန်မှာ သူ့ရဲ့အမဲလိုက်ဓားနဲ့ အကြီးမက ပြန်ထိုးသတ်ခဲ့တာပါတဲ့။

Mikhail ဟာ သေဆုံးချိန်မှာ အသက်(၅၇)နှစ်သာရှိသေးပြီး၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရင်းနီးတဲ့လူတစ်ဦးလည်း ဖြစ်သလို၊ ရုရှားနိုင်ငံရဲ့ စီးပွားရေးလောကမှာ နာမည်ကြီးသူဌေးတွေထဲက တစ်ဦးအပါအဝင်လို့လည်း နောက်ခံအကြောင်းတရားတွေအရ သိရပါတယ်။

 

နောက်ပိုင်းစစ်ဆေးချက်တွေမှာတော့ တစ်ဖက်ရှေ့နေက Krestina တို့ ညီအစ်မတွေအနေနဲ့ သူတို့တစ်တွေ လူသတ်မှုကနေ လွတ်အောင်၊ မိမိကိုယ်ကိုယ် ကာကွယ်တဲ့ပုံစံမျိုးရောက်အောင် တမင်ဇာတ်လမ်းတွေထွင်ပြီး၊ လူတွေသနားအောင် ကြံစည်နေတာလို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Krestina, Angelina နဲ့တို့ဟာ ပြစ်မှုကျူးလွန်ချိန်မှာ အသက်(၁၈)(၁၉)နှစ် အသီးသီးဖြစ်ကြပြီး၊ Maria ကတော့ ထိုစဉ်က အသက်(၁၇)နှစ်သာရှိသေးတဲ့အတွက် သူမကိုတော့ ပြစ်မှုအရ သက်ညှာခွင့်ရအောင် တရားခံရှေ့နေတွေက ကြိုးစားနေပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အိပ်နေတဲ့လူတစ်ယောက်ကို စိတ်လိုလက်ရ သတ်ဖြတ်ပြီး မိမိကိုယ်ကို ကာကွယ်ဖို့ပြောတာဟာ ရယ်စရာဖြစ်ကြောင်း တစ်ဖက်ရှေ့နေတွေက ချေပထားပါတယ်။

မကြာသေးခင်က လူကြည့်များတဲ့တီဗွီအစီအစဉ်တစ်ခုမှာ ကလေးမလေးတွေ အဒေါ် (သေဆုံးသူရဲ့ ညီမဖြစ်သူ၊ Naira Khachaturyan က ကလေးတွေဟာ ဖခင်ရဲ့အမွေနဲ့ ပိုက်ဆံတွေ၊ ပိုင်ဆိုင်မှုတွေကို လိုချင်လို့ အခုလို လူသတ်မှုကြီးကို ကြံစည်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟမှုတွေ ရှိလာတဲ့အတွက် အမှုက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါတယ်။

Naira က သူတို့ဖခင်က လိင်စော်ကားတယ်လို့ ပြောရအောင်ကလည်း ဆေးဘက် စစ်ဆေးချက်တွေအရ ကောင်မလေး(၃)ယောက်အနက်၊ နှစ်ယောက်မှာ အပျိုဖြစ်နေဆဲဖြစ်ပြီး၊ အခြားတစ်ယောက်ကတော့ တိတ်တိတ်ပုန်းချစ်သူရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့တာပါ။

ဖခင်ဖြစ်သူဟာ သမီးတွေအကုန် (၁၈)နှစ်ကျော်သွားတာနဲ့ အစ္စရေးကိုပြောင်းဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဖခင်ဟာ သမီးတွေကို အပြင်မထွက်ရဘူး၊ သူငယ်ချင်းတွေ အိမ်လည်မခေါ်ရဘူးလို့ ချုပ်ခြယ်မှုတွေ ရှိခဲ့တာ မှန်ကြောင်း၊ ဒါကို သမီးတွေက အညှိုးထားပြီး၊ သတ်ဖြတ်ခဲ့တာလို့ Naira က ပြောခဲ့တာပါ။

သေဆုံးသူရဲ့တူဖြစ်သူ Arsen Khachaturyan ကလည်း သူ့ရဲ့ဦးလေးက သမီးတွေအပေါ်မှာ အလွန်ချစ်ပြီး၊ ဘယ်တုန်းကမှ လိင်ပိုင်းစော်ကားတယ်ဆိုတဲ့ အဖြစ်မျိုးမရှိခဲ့ကြောင်း၊ အခင်းဖြစ်ပြီးနောက် ဒီညီအစ်မတွေက သူတို့ဘာသာ ဒဏ်ရာတွေရအောင်လုပ်ပြီး အမှုရှုပ်အောင် တမင်ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

သူတို့ရဲ့လှည့်ဖျားမှုကို ယုံကြည်ပြီး ရုရှားမှာ လူထုအုံကြွမှုတွေ ရှိနေသလို၊ ညီအစ်မသုံးယောက်စလုံးကို လွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုသူ သန်းနဲ့ချီရှိနေပါတယ်။ အခုအချိန်ထိ ဘယ်သူ့ဘက်က မှန်တယ်မှားတယ်ဆိုတာ ပြောဖို့ခက်နေသေးပြီး၊ သက်ဆိုင်ရာက အမှုကို ဆက်လက်စစ်ဆေးနေပါတယ်။

လင်းသူရိန်

SHARE