ကွန်ပြူတာကြောင့်ခေါင်းကိုက်ခြင်းကို ရှောင်ရှားဖို့ အလွယ်ဆုံးနည်းလမ်း(၃) ခု

Pexels/Marek Levak

ယနေ့ခေတ်လူတွေရဲ့ နေ့စဉ်ဘ၀မှာ ကွန်ပြူတာဖန်သားပြင်တွေဟာ မရှိမဖြစ်အရေးပါလာပြီး လက်ပ်တော့ပ်၊ တက်ဘလက်၊ စမတ်ဖုန်းစတာတွေနဲ့ ကင်းကွာတဲ့သူဆိုတာ မတွေ့ရတော့သလောက်ပါပဲ။ တီဗီကြည့်တာ၊ သတင်းကြည့်တာ၊ အွန်လိုင်းကနေ ပစ္စည်းမှာတာ စတဲ့နေ့စဉ်အလုပ်တွေကို ဒီဖန်သားပြင်တွေသုံးပြီးတော့ပဲ ပြုလုပ်ရတာတွေ များလာပါတယ်။

အချို့အလုပ်တွေဆိုရင်လည်း ရုံးမှာ တနေကုန်ကွန်ပြူတာရှေ့ကြည့်ပြီး အလုပ်လုပ်ရတာမျိုး ရှိပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက တစ်နေ့လုံးကွန်ပြူတာဖန်သားပြင်ကို စူးစိုက်ကြည့်ရတာဟာ ကျန်းမာရေးအတွက်တော့ အန္တရာယ်ဖြစ်စေပါတယ်။ အထူးသဖြင့် မျက်လုံးကိုက်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူဟာ ကွန်ပြူတာရှေ့မှာ အချိန်အကြာကြီး ထိုင်ရတဲ့သူဖြစ်တယ်ဆိုရင် ကွန်ပြူတာဖန်သားပြင်ကြောင့် ခေါင်းကိုက်ခေါင်းခဲတာတွေ မဖြစ်ရအောင် ဘယ်လိုကာကွယ်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

သင့်တင့်မျှတတဲ့ အလင်းရောင်မှာ အလုပ်လုပ်ပါ

Pexels/Jopwell

ကွန်ပြူတာကြည့်တဲ့နေရာမှာ မီးအလင်းရောင်ဟာ အရမ်းကြီးမှောင်လွန်းတာမျိုး၊ တောက်လွန်းတာမျိုး မရှိရပါဘူး။ သဘာဝအလင်းရောင်နဲ့ လျှပ်စစ်မီးရောင် မျှတစွာရှိနေတဲ့ နေရာမျိုး ဖြစ်ရပါမယ်။ မီးမဖွင့်ပဲ ကွန်ပြူတာကလာတဲ့ အလင်းကိုချည်းအားကိုးပြီး အလုပ်လုပ်တာဟာ မကောင်းသလို အလင်းအား အရမ်းစူးလွန်းတဲ့ လျှပ်စစ်မီးသီးတွေ၊ မီးလုံးတွေဟာလည်း ရေရှည်မှာ မျက်လုံးကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

READ
ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ နည်းလမ်းများ

မျက်လုံးကို အနားပေးပါ

Pexels/Pixabay

ကွန်ပြူတာကို တစ်ချိန်လုံးကြည့်ပြီး ကွန်ပြူတာရှေ့အညောင်းထိုင်တာမျိုးဟာ မျက်လုံးအတွက်တင်မကပဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် မိနစ်(၂၀) ကြာတိုင်း ကွန်ပြူတာရှေ့ကနေ ခွာပြီး လမ်းလျှောက်တာ၊ ခြေလက်အကြောဆန့်တာ၊ ရေထသောက်တာမျိုးလေးတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှလည်း လည်ဂုတ်နဲ့ ပခုံးတွေပေါ်မှာတင်နေတဲ့ အကြောအချဉ်တွေ လျော့ကျမှာပါ။ အခုလို အချိန်နည်းနည်းစီ အနားယူပေးခြင်းဟာ ဦးနှောက်ကို လန်းဆန်းစေပြီး အလုပ်ပိုလုပ်နိုင်တယ်လို့ သိရပါတယ်။

ကွန်ပြူတာကြည့်မျက်မှန်တပ်ဆင်ပါ

Pexels/Designecologist

စာဖတ်သူဟာ ကွန်ပြူတာဖန်သားပြင်တွေကို အကြည့်များတာကြောင့် မကြာခဏခေါင်းကိုက်နေတယ်ဆိုရင်တော့ ကွန်ပြူတာကြည့် မျက်မှန်ကို တပ်ဆင်ပေးသင့်ပါတယ်။ ကွန်ပြူတာဖန်သားပြင်တွေကနေ အပြာရောင်အလင်းထွက်ပါတယ်။ ၄င်းအပြာရောင်အလင်းက လူတွေကို မျက်လုံးကိုက်၊ ခေါင်းကိုက်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဒီအပြာရောင်အလင်းကို စစ်ထုတ်ပေးတဲ့ ကွန်ပြူတာကြည့်မျက်မှန်တွေကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။ ဒီမျက်မှန်တွေဟာ အလင်းစူးအားကို လျှော့ချပေးတဲ့အပြင် ကွန်ပြူတာအကြာကြီးကြည့်တဲ့အခါမှာလည်း မျက်လုံးမထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကွန်ပြူတာဖန်သားပြင်တွေကြောင့် စာဖတ်သူတွေအတွက် မလိုလားအပ်တဲ့ ခေါင်းကိုက်ခေါင်းခဲအန္တရာယ်ကို လျော့ချဖို့ အွန်လိုင်းသတင်းဌာနဖြစ်တဲ့ Shared ကနေ ဖော်ပြပေးလိုက်ပါတယ်။

READ
ကိုယ်အလေးချိန်များသူများဦးနှောက်ပျက်စီးမှုနှင့်အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေများပြား

လင်းလင်း (ShweMom)

SHARE