ဖခင်တစ်ဦးဟာ ပထမဆုံး ဓာတ်ရောင်ခြည်ကုသမှု ခံယူပြီး နေပြန်ကောင်းလာတဲ့ ကင်ဆာဝေဒနာသည် သားလေးကို ဆေးရုံကုတင်ဘေးမှာပဲ ပျော်ရွှင်ကြောင်း အထိမ်းအမှတ်နဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။ ကပြသူအမျိုးသားဟာ အသက်(၃၄)နှစ် ရှိပြီဖြစ်တဲ့ ကန်နီသောမတ်စ်ဆိုသူဖြစ်ပြီး အမေရိကန် နယူးဂျာစီပြည်နယ်က ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ ကန်နီဟာ ချီးမွမ်းဖွယ် ကောင်းလောက်အောင် ကပြထားပြီး ကန်နီရဲ့ (၁)နှစ်အရွယ် သားလေး ခရစ်ရှန်ဟာ ဆေးရုံကုတင်ပေါ်ကနေ ဖခင်ကပြနေတာကို တအံတသြနဲ့ ကြည့်နေခဲ့ပါတယ်။ ခရစ်ရှန်ကို ပြီးခဲ့တဲ့လကမှ သွေးကင်ဆာဖြစ်နေမှန်း သိခဲ့ကြတာပါ။ ကန်နီကတော့ ပရော်ဖက်ရှင်နယ် အကသမားတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ရောင်ခြည်နဲ့ ဆေးကုသခံနေရတဲ့ သားငယ်လေးကို အားပေးဖို့ ကန်နီဟာ သူတတ်စွမ်းတဲ့ အကပညာနဲ့ ကလေးစိတ်အားတက်ကြွအောင် ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

ကန်နီဟာ ယခုလအစောပိုင်းကမှ အသစ်ထွက်ရှိခဲ့တဲ့ ကီရာရဲ့ Level Up သီချင်းနဲ့ ကလေးကို ကပြခဲ့တာပါ။ ကန်နီဟာ သူရိုက်ကူးထားတဲ့ ဗီဒီယိုကို အင်စတာဂရမ်ပေါ် တင်ခဲ့ရာမှာ အကြိမ်ပေါင်း (၂.၆)သန်းအထိ ကြည့်ရှုခံခဲ့ရပါတယ်။ ကန်နီကပြတာကို လိုက်ကြည့်နေတဲ့ သားငယ်လေး ခရစ်ရှန်ကလည်း ဖခင်ဖြစ်သူကို မျက်တောင်မခတ်ကြည့်ပြီး လက်ခုပ်တီးကာ သဘောကျနေခဲ့ပါတယ်။

ဖခင်ဖြစ်သူကို ကြည့်နေရင်းနဲ့ ခရစ်ရှန်လေးဟာ စိတ်လှုပ်ရှားလာပြီး ပြုံးရွှင်မြူးတူးနေတာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရမှာပါ။ ကန်နီက “တေးဂီတက သူ့အတွက် အားဆေးပါပဲ။ သီချင်းဖွင့်ပြီး တစ်ယောက်ယောက်ကနေတာ မြင်ရင် ခရစ်ရှန်က အမြဲငြိမ်ပြီး နားထောင်နေတတ်တယ်။ ကျွန်တော်က အကသင်တန်း ဖွင့်ထားတယ်လေ။ ကလေးက ကျွန်တော့်သင်တန်းကိုလည်း လိုက်လာပြီး အမြဲကျွန်တော်ကတာ ကြည့်တတ်တယ်။” လို့ပြောပြပါတယ်။

ခရစ်ရှန်ဟာ မွေးကတည်းက ဒေါင်းရောဂါနဲ့ မွေးလာခဲ့တာပါ။ ရောဂါကြောင့် သွေးအခြေအနေဟာ ပုံစံမမှန်ဖြစ်ပြီး နောက်ပိုင်းမှာ သွေးကင်ဆာဖြစ်လာခဲ့တာပါ။ Level Up အဆိုရှင် ကီရာကလည်း ကန်နီရဲ့ အင်စတာဂရမ်ပေါ်က ဗီဒိယိုဖိုင်ကို မြင်သွားပြီးနောက်ပိုင်း ကလေးအမြန်ဆုံး သက်သာစေဖို့ ဆုတောင်းပေးခဲ့ကြောင်းသိရပါတယ်။
လင်းလင်း (ShweMom)
Ref: Dailymail