အကောင်းဆုံးသွားတိုက်ဆေး ရဖို့ လူတိုင်းသိထားသင့်တဲ့ အချက်လေးများ…

unsplash/Lesly Juarez

လူတိုင်းက သွားဆေးခန်းသွားရမယ်ဆိုရင် ကြောက်ကြပါတယ်။ ဒါပေမယ့် သွားတွေကို အနည်းဆုံး (၆) လတစ်ကြိမ်လောက် ဆရာဝန်ဆီမှာ စစ်ဆေးမှုခံယူမယ်ဆိုရင်တော့ သွားရောဂါဟာ ဒီလောက် ကြောက်စရာကောင်းတော့မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ပုံမှန် တစ်နေ့ကို (၂) ကြိမ်တော့ သွားတိုက်သင့်ပါတယ်။ ဒါမှသာ ခံတွင်းကျန်းမာရေးကောင်းမွန်မယ့်အပြင် အနံ့အသက်ကောင်းပြီး ကျန်းမာဖြူဖွေးတဲ့သွားတွေကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ သွားတိုက်ခြင်းက နေ့စဉ်အလုပ်တစ်ခုဖြစ်တဲ့အတွက်လည်း  စာဖတ်သူတွေအနေနဲ့ အကောင်းဆုံးသွားတိုက်ဆေးတွေကို ရွေးချယ်ဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ဟာ သွားပိုးပေါက်တွေနဲ့ သွားဆွေးမြေ့ပျက်စီးတာတွေကို ကာကွယ်ဖို့အတွက် အာခံတွင်းထဲက သွားချေးတွေကို သွားတိုက်ဆေးသုံးကာ သွားပွတ်တံနဲ့ ဖယ်ရှားရပါတယ်။ သွားပွတ်တံဟာ သွားထဲက အကြိုအကြားနေရာမှန်သမျှ သန့်စင်ရှင်းလင်းတဲ့ အလုပ်ကို လုပ်ဆောင်သလို သွားတိုက်ဆေးကတော့ သွားမှာကပ်နေတဲ့ အစွန်းအထင်းနဲ့ အကျိအညှိတွေကို ဖယ်ရှားပေးပြီး အာခံတွင်းကို ပိုမိုလန်းဆန်းစေပါတယ်။ ဈေးကွက်ထဲက သွားတိုက်ဆေးတွေထဲမှာတော့ ၄င်းတို့ထဲ အနံ့အရသာ၊ အရောင်နဲ့ အချိုဓာတ်တွေကိုပါ ထပ်မံထည့်သွင်းထားပါတယ်။

unsplash/William Warby

သွားတိုက်ဆေးတစ်ခုဝယ်တဲ့အခါ စာဖတ်သူအနေနဲ့ ဖော်ပြပါ ပစ္စည်းတွေပါဝင်တဲ့ သွားတိုက်ဆေးတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Fluoride – Fluoride ပါတဲ့ သွားတိုက်ဆေးတွေဟာ သွားတွေ ပျက်စီးဆွေးမြေ့တာကို ကာကွယ်ပေးပါတယ်။

Triclosan – ဒီပစ္စည်းကတော့ gingivitis လို့ခေါ်တဲ့ သွားဖုံးရောဂါကို ကာကွယ်ပေးပါတယ်။ သွားဖုံးရောင်တာ၊ သွားဖုံးသွေးထွက်တာတွေကို သက်သာစေတဲ့အပြင် သွားချေးတွေကိုပါ ဖယ်ရှားပေးပါတယ်။

American Dental Association (ADA) – အချို့ အမျိုးအစားကောင်းတဲ့ သွားတိုက်ဆေးတွေမှာ ADA အမှတ်တံဆိပ်ပါတာကို တွေ့ရပါလိမ့်မယ်။ ဒီတံဆိပ်ဟာ သွားတိုက်ဆေးထဲမှာ သွားတစ်ချောင်းအတွက် သင့်တော်တဲ့ ကြမ်းရှမှုပမာဏပါဝင်တဲ့ အချိုးအစားကို ညွှန်ပြတာဖြစ်ပါတယ်။ သွားတိုက်ဆေးတွေမှာ abrasiveness ပမာဏဟာ အရေးပါပါတယ်။ တကယ်လို့ ကြမ်းရှမှုပမာဏဟာ အနည်းငယ်သာ ပါခဲ့မယ်ဆိုရင် သွားချေးတွေနဲ့ သွားက အစွန်းအထင်းတွေကို ချွတ်ရာမှာ အကူညီပေးပြီး များရင်တော့ သွားကြွေလွှာတွေကို ပါးသွားစေပါတယ်။ Whitening ပါတဲ့ သွားတိုက်ဆေးတွေမှာလည်း abrasiveness ပမာဏခပ်ပျော့ပျော့ပါဝင်တဲ့အတွက် သွားတွေကို ဖြူဖွေးစေတာ ဖြစ်ပါတယ်။

READ
ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တွေစားမိမှန်း ဘယ်လိုသိနိုင်မလဲ …
unsplash/Chris Slupski

သွားတိုက်ဆေးတွေထဲမှာလည်း အမျိုးအစားများစွာရှိနိုင်ပြီး အဓိကသွားတိုက်ဆေးတွေကတော့….

Children’s toothpaste – ကလေးတွေတိုက်တဲ့ သွားတိုက်ဆေးတွေဟာ လူကြီးသုံးသွားတိုက်ဆေးထက်စာရင် fluoride အနည်းငယ်သာပါဝင်ပါတယ်။ အကြောင်းရင်းကတော့ fluoride တွေကို ကလေးတွေက မတော်တဆ အများကြီးမြိုချမိသွားမှာ စိုးလို့ ဖြစ်ပါတယ်။

Smoker’s toothpaste – ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက်တဲ့သူတွေအတွက်ပါ။ ဆေးလိပ်သောက်သူတွေရဲ့ သွားဟာ များသောအားဖြင့် ခံတွင်းမှာ ဆေးလိပ်ငွေ့နံ့ရှိနေတတ်ပြီး သွားတွေကို စွန်းထင်းစေပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ ဆေးလိပ်သောက်သူတွေရဲ့ သွားတွေမှာ အ၀ါရောင်လိုလို အညိုရောင်လိုလို အကွက်တွေ ပေါ်လာတာပါ။ ဆေးလိပ်သောက်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဒီလိုသွားတိုက်ဆေးတွေမှာတော့ သွားတွေကို ပိုဖြူစေတဲ့ ဓာတုသန့်စင်ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။

Teeth-whitening toothpaste – တစ်ချို့လူတွေက ဆေးလိပ်တော့ မသောက်ပါဘူး။ ဒါပေမယ့်လည်း ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာလို သွားကို စွန်းထင်းစေတဲ့ အရာမျိုးတွေ သောက်ပါများတဲ့အတွက် သွားတွေဟာ ၀ါထေးလာတတ်ပါတယ်။ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေမှာလည်း ဒီလိုသွားပေါ်မှာပေါ်လာတဲ့ အစွန်းအထင်းတွေကို လျော့ပါးစေတဲ့ အစွမ်းသတ္တိရှိပါတယ်။

READ
ဓမ္မတာလာချိန်တွင် နာကျင်မှု သက်သာစေမည့် နည်းလမ်းကောင်းများ

Sensitive teeth toothpaste – အပူ၊ အအေးတွေကို စားသောက်လိုက်တဲ့အခါ အချို့လူတွေမှာ သွားကျင်တာ ထုံတာမျိုးကို ခံစားရတတ်ပါတယ်။ Sensitive သွားတိုက်ဆေးတွေထဲမှာတော့ ပိုတက်ဆီယမ်နိုက်ထရိတ်ပါပြီး ၄င်းဟာ ခံတွင်းမှာ ဖြစ်ပေါ်လာတဲ့ ထုံကျင်တာ၊ နာတာတွေကို သက်သာစေပါတယ်။

Herbal toothpaste – သွားအတွက် ဆေးဖက်ဝင် အပင်၊ အရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ဆေးဖက်ဝင်သွားတိုက်ဆေးတွေကတော့ ဈေးကွက်ထဲ ပေါ်ပြူလာဖြစ်တဲ့ သွားတိုက်ဆေးအမျိုးအစားတွေပါ။ ပုံမှန်သွားတိုက်ဆေးတွေထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ မတည့်တဲ့သူတွေ၊ သဘာဝအတိုင်း သွားကို သန့်ရှင်းရေးပြုလုပ်လိုကြသူတွေက သုံးကြပါတယ်။

ဒါပေမယ့် ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတဲ့ သွားတိုက်ဆေးတွေ ဆိုရင်တောင် စာဖတ်သူတွေအနေနဲ့ ဖလိုရွိုက် ပါမပါကို ကြည့်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာဝန်တွေက သွားရဲ့ ကြွေလွှာတွေနဲ့ သွားကို ခိုင်မာစေဖို့ ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးတွေကို သုံးကို သုံးပါလို့ အကြံပြုထားတာကြောင့်ပါ။ လက်ရှိဈေးကွက်ထဲမှာတော့ Colgate ၊ Sensodyne နဲ့ Laser စတဲ့ သွားတိုက်ဆေးတွေကတော့ ၀ယ်ယူသူတွေ ကျေနပ်နှစ်ခြိုက်စွာ သုံးနေကြတဲ့ သွားတိုက်ဆေးကောင်းတွေဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE