အနေဝေးတဲ့ချစ်သူတွေကြား အချစ်ရေးအဆင်မပြေဖြစ်ရတဲ့အကြောင်းရင်း(၅)ချက်

အချစ်ဆိုတာ နေရာဒေသအနီးအဝေးနဲ့မဆိုင်ဘူးလို့ တချို့တွေကတော့ ပြောကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ အဝေးကြီးကနေ ဆက်သွယ်နေရတဲ့သံယောဇဉ်တွေက အတူရှိနေကြတဲ့သံယောဇဉ်တွေထက်စာရင် ပိုပြီး အားစိုက်နေကြရသလို ၊ လွယ်လွယ်နဲ့လည်း ဇာတ်လမ်းတွေပြီးဆုံးသွားနိုင်တာမျိုးပါ။ တစ်ယောက်ယောက်က အရင်လိုမချစ်တော့ဘူးလို့ထင်လိုက်တာနဲ့ နှစ်ယောက်ကြားထဲက ဆက်ဆံရေးက သိသိသာသာအေးစက်သွားမှာဖြစ်ပြီး သံသယတွေ၊ မပျော်ရွှင်မှုတွေနဲ့ ရှေ့ဆက်ရဖို့ပါပဲ။ ဒီတော့ အနေဝေးတဲ့ချစ်သူတွေကို အဆင်မပြေဖြစ်စေတဲ့အချက်တွေက ဘာတွေများဖြစ်မလဲ။ တစ်ချက်ဖတ်ကြည့်လိုက်နော်…။

(၁)။ လုံလောက်တဲ့ဆက်သွယ်မှုမျိုးမရှိတာ

ဒီနေ့လိုခေတ်ကြီးမှာ ဘယ်လောက်ပဲဝေးနေနေ တစ်ယောက်နဲ့တစ်ယောက် လွယ်လွယ်နဲ့ဆက်သွယ်လို့ရနေတဲ့ ဆက်သွယ်ရေးစနစ်တွေရှိနေတာကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို ဂရုမစိုက်ဘူး၊ မဆက်သွယ်ဘူးဆိုရင် လွယ်လွယ်လေးနဲ့ သိနိုင်တာပါ။ အနေဝေးတဲ့ချစ်သူတွေအကြား အစပိုင်းမှာ နေ့ညမပြတ် ဆက်သွယ်မှုတွေ၊ ဖုန်းခေါ်ဆိုမှုတွေရှိမှာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ တစ်နေ့မှာမှ တစ်ကြိမ်လောက်ပဲ စကားပြောဖြစ်တာမျိုးတွေ ဖြစ်လာကြမှာပါ။ ဒီအချက်ကပဲ ချစ်သူတွေအကြားက သံယောဇဉ်ကို အေးစက်သွားစေပြီး လမ်းခွဲဖို့အတွက် အကြောင်းပြချက်တစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။

READ
ဘယ်တော့မှဖောက်ပြန်မှာမဟုတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာ(၅)ခု
bustle.com
(၂)။နှစ်ဦးကြား ယုံကြည်မှုလျော့နည်းလာတာ

တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေကြချိန်မှာ ယုံကြည်မှုလျော့နည်းလာတာကလည်း အဓိက ပြဿနာတစ်ခုပါပဲ။ သူငယ်ချင်းတွေနဲ့အပြင်ခဏခဏသွားနေတယ်ဆိုရင်တောင် အဲဒီသူငယ်ချင်းတွေထဲက တစ်ယောက်ယောက်နဲ့ဇာတ်လမ်းတွေဖြစ်နေပြီလို့ ထင်လာမယ်၊ ပြဿနာတွေစလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ တချို့ကတော့ တကယ်ပဲ သစ္စာဖောက်တတ်သူတွေဖြစ်ကြပြီး၊ တချို့ကတော့ ချစ်လွန်းတာကြောင့်သာ တွေးမိတွေးရာတွေ တွေးတတ်ကြတာ၊ အစိုးရိမ်လွန်လာတာမျိုးကနေ စတာတွေလည်းရှိတတ်ပါသေးတယ်။

bustle.com
(၃)။ရည်မှန်းချက်တွေမတူတော့တာ

ချစ်သူနှစ်ယောက်ကြားမှာ ထားရှိတဲ့ ရည်မှန်းချက်တွေမတူညီတော့တာကလည်း နှစ်ဦးကြားဆက်ဆံရေးကို ထိပါးလာနိုင်စေပါတယ်။ အနေနီးတဲ့ချစ်သူတွေအတွက်တော့ ဒီလိုအခြေအနေမျိုးကို ညှိနှိုင်းရလွယ်ကူပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတွေ့ရပဲ ဝေးကွာနေတဲ့အခြေအနေတွေမှာ ညှိနှိုင်းရတာက တကယ်ပဲ ခက်တာပါ။ ကိုယ်ယုံကြည်လာတာနဲ့ သူယုံကြည်နေတာမတူတော့တဲ့အခါ၊ ကိုယ်ဖြစ်ချင်လာတာနဲ့သူဖြစ်ချင်နေတာ မတူတော့တဲ့အခါ ရည်မှန်းချက်တွေလည်း ပုံစံပြောင်းကုန်ကြပြီး ချစ်သူတွေကြားက ဆက်ဆံရေးကို ပြီးဆုံးသွားစေနိုင်ပါတယ်။

(၄)။တခြားပျော်စရာတွေရှာတွေ့လာတာ

နှစ်ယောက်သားအတူပျော်ရမယ့်အချိန်တွေ မရှိတော့တဲ့နောက် ကိုယ်စီအပျော်လေးတွေရှာကြရင်း တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်နိုင်တော့တာလေးတွေလည်း ဖြစ်လာနိုင်ကြတာပါပဲ။ သူနဲ့ ပုံမှန်စကားပြောရမယ့်အချိန်တွေကို သူငယ်ချင်းတွေအတွက်ပေးလာတာ၊ ဒါမှမဟုတ် တခြားပျော်စရာတွေအတွက် ပေးလာမိတာက ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို အေးစက်သွားစေနိုင်ပါလိမ့်မယ်။

READ
တစ်သက်လုံး FA (သို့) Single ဖြစ်မယ့် လက္ခဏာ(၈)ရပ်
bustle.com
(၅)။ အရင်လိုမဟုတ်တော့ဘူးလို့ခံစားလာရတာ

ဒီအချက်က အနေဝေးတဲ့ချစ်သူတွေကြားမှာ အရေးအကြီးဆုံးအချက်ပါပဲ။ ဘယ်သူကပဲဖြစ်ဖြစ် အရင်လိုမဟုတ်တော့ဘူးလို့ စပြီး ခံစားလာရပြီဆိုတာနဲ့ နှစ်ယောက်ကြားက ဆက်ဆံရေးတွေ၊ စကားပြောရတာတွေက အဆင်ပြေတော့မှာမဟုတ်ပါဘူး။ အချင်းချင်း စကားလုံးတွေနဲ့ တိုက်ခိုက်ကြမယ်၊ စောင်းမြောင်းပြောကြမယ်..စသဖြင့် စကားပြောရတဲ့အချိန်တိုင်းဟာ စိတ်ညစ်စရာတွေချည်း ဖြစ်နေတော့မှာပါ။ ဒီလိုနဲ့ပဲ အနေဝေးတဲ့ချစ်သူတွေ ဝေးကွာသွားကြတာပါပဲ။

Linn

 

SHARE