ပျော်ရွှင်မှူတွေကို တစ်နေ့တစ်ခြား ကုန်ခမ်းသွားစေနိုင်တဲ့ အလေ့အကျင့်ဆိုးများ

unsplash/Hybrid

လူတစ်ယောက် ပျော်ရွှင်တယ် မပျော်ရွှင်ဘူးဆိုတာ ပိုက်ဆံနဲ့ ဥစ္စာပစ္စည်းတွေပေါ်မှာချည်းပဲ မူတည်နေတာ မဟုတ်ပါဘူး။ တကယ်တမ်း လူတွေ မပျော်ရွှင်ရတဲ့ အကြောင်းရင်းက စိတ်ထဲမှာ ကာလရှည်ကြာထဲက အမြစ်တွယ်လာခဲ့တဲ့ လူကိုအဆိပ်အတောက်ဖြစ်စေတဲ့ အလေ့အကျင့်တွေကြောင့်ပါ။ တစ်ချို့ကတော့ ဒီအလေ့အကျင့်ဆိုးတွေ ကိုယ့်မှာရှိမှန်းသိလို့ စောစောစီးစီး ပြုပြင်နိုင်တဲ့အတွက် ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားကြရပါတယ်။ ဒါပေမယ့် တစ်ချို့ကျတော့လည်း ပျော်ရွှင်မှူကို အားယုတ်စေတဲ့ အမူအကျင့်တွေဟာ ဘာတွေမှန်းတောင် မသိကြပါဘူး။ ဒါကြောင့် အမူအကျင့်မျိုးတွေက ကိုယ့်ပျော်ရွှင်မှူကို ဆုတ်ယုတ်စေသလဲဆိုတာ brightside ကနေတဆင့် ကိုးကားဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ကိုကိုယ် မှားခွင့်မပေးဘူး

တစ်ချို့လူတွေက အရာရာတိုင်းမှာ ကိုယ့်ကိုကိုယ် တင်းကြပ်လွန်းပါတယ်။ ဒါပေမယ့် အရာရာတိုင်း ချို့ယွင်းချက်မရှိ ပြည့်စုံသူတစ်ယောက်ဖြစ်ဖို့က လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ အမှားသေးသေးလေးတစ်ခုကအစ လိုက်ခံစားနေမယ်ဆိုရင် အကျိုးဆက်အနေနဲ့ လူမှာ အစားအသောက်ပျက်တာ၊ စိတ်ဂဏှာမငြိမ်တာ စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် မှားခွင့်ပေးပါ။ အမှားပြုလုပ်တာနဲ့ပတ်သက်ပြီး ကိုယ်ခံယူထားတဲ့ အယူအဆဟာ မှားများနေမလား ဆန်းစစ်ပါ။

unsplash/Icons8 team

သူများကို အပြစ်တင်တာ

ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ အခြားသူတွေနဲ့ အခြားအရာတွေအပေါ်သာ အပြစ်တင်နေမယ်ဆိုရင်တော့ ပျော်ရွှင်မှူနဲ့ ဝေးနေဦးမှာပါပဲ။ ဥပမာ အလုပ်သွားတဲ့အခါ သင်ဟာ နောက်ကျတတ်တယ်၊ သင်နောက်ကျရတဲ့ အကြောင်းရင်းဟာ မီးပွိုင့်ကြောင့်၊ သင်နဲ့ဘာမှမဆိုင်ဘူးလို့ ယူဆထားသမျှ သင့်ကိုယ်သင် တိုးတက်လာအောင် မလုပ်နိုင်ပါဘူး။ တကယ်လို့ အလုပ်နောက်ကျရတဲ့အကြောင်းရင်းက သင့်ကြောင့်လို့ ကိုယ်တိုင်လက်ခံတယ်ဆိုရင်တော့ တိုးတက်မှူနဲ့တွေ့ဖို့ နီးစပ်လာပြီ။

နောက်ရက်တွေမှာ အလုပ်နောက်မကျအောင် စောစောထမလား၊ ဒါမှမဟုတ် အလုပ်ချိန်ကို ရွှေ့မလား၊ ဒါမှမဟုတ်လည်း ရုံးနားက ဂျင်မ်ကို စောစောလာကစား၊ ပြီးတာနဲ့ ရုံးကိုသွားပြီး အမြဲတမ်းရုံးချိန်မှန်အောင် ကြိုးစားမလား စတဲ့ နည်းအမျိုးမျိုးကို တွေ့လာရမှာပါ။ ဒါကြောင့် ပြဿနာတစ်ခုနဲ့ ကြုံတဲ့အခါ ကိုယ်မပြောင်းလဲနိုင်တဲ့ အရာတွေကို အပြစ်တင်နေမယ့်အစား အခြားရှူထောင့်ဘက်ကနေ ကိုယ်ဘာတွေပြောင်းလဲနိုင်မလဲဆိုတာ တွေးသင့်ပါတယ်။ ဒီလိုအတွေးမှန် အလုပ်မှန်ပြီဆိုရင်တော့ ပျော်ရွှင်မှူဟာလည်း သူ့အလိုအလျောက် ရောက်လာမှာပါ။

ခံစားချက်တွေကို မြိုသိပ်ထားတယ်

လူတွေဟာ ငယ်ငယ်ထဲက ခံစားချက်တွေကို မြိုသိပ်တတ်ဖို့ ၊ အနုတ်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေဆိုရင် အပြင်ကို ထုတ်မပြမိဖို့ သွန်သင်ခံလာရတာပါ။ ဒီလိုနဲ့ လူဟာ အနုတ်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ရင်ထဲမှာပဲ မြိုသိပ်ထားလာရာကနေ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေဆိုရင်လည်း မြိုသိပ်တတ်လာပါတယ်။ ကြာလာတော့ ၀မ်းသာ ၀မ်းနည်းခံစားချက်တွေကိုကို သိပ်မခံစားတတ်တော့ပဲ ထုံပေလာပါတယ်။ အခုလို စိတ်ခံစားမှူမရှိပဲ စိတ်တံခါးပိတ်ပြီး နေတဲ့သူတွေဟာ အချိန်ကြာလာတဲ့အခါ ကျန်းမာရေးပြဿနာတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ခံစားမှူတွေကို ကောင်းတဲ့နည်းလမ်းနဲ့ အမြဲတမ်းထွက်ပေါက်ပေးသင့်ပါတယ်။

unsplash/Christian Erfurt

ကိုယ့်ကိုကိုယ် ယုံကြည်မှူကင်းမဲ့တာ

လူတွေဟာ အစုအဖွဲ့နဲ့နေတတ်တဲ့ သတ္တ၀ါမျိုးဖြစ်တဲ့အတွက် သူတစ်ပါးရဲ့ထင်မြင်ယူဆချက်တွေကို အလေးထားပါတယ်။ တစ်ချို့တွေ ရှိပါတယ်။ အလိုလိုနေရင်း သိမ်ငယ်စိတ်ဝင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှူအားနည်းသူတွေပါ။ လူတွေ ငါ့ကို တုံးတယ်လို့များထင်ကြမလား၊ သူတို့ ငါ့ကို နှစ်သက်ကြရဲ့လား စသဖြင့် အတွေးပေါင်းသောင်းခြောက်နဲ့ ကိုယ့်ယုံကြည်မှူကိုယ် ဖျက်ဆီးနေသူတွေ ရှိပါတယ်။ တကယ်လို့ စာဖတ်သူက ရံဖန်ရံခါ ဒီလိုစိတ်ခံစားချက်မျိုး ၀င်လာခဲ့တယ်ဆိုရင် ဒီအတွေးတွေကို ချက်ခြင်းဖျောက်ပစ်လိုက်ပါ။

မကောင်းတဲ့အတွေးတွေနဲ့ ကိုယ့်စိတ်ကိုယ် ပင်ပန်းဆင်းရဲခံနေမယ့်အစား လူတွေက ငါ့ကိုနှစ်သက်တယ်၊ ငါ့ရဲ့ ကောင်းကွက်လေးတွေကိုပဲ သူတို့မြင်မှာပါလို့ တွေးပေးပြီး ကိုယ့်ကိုကိုယ်အားပေးလိုက်ပါ။ ဒီလိုမျိုး ကိုယ့်သဘောထားကို ပြောင်းလိုက်တဲ့အခါ လူတွေနဲ့ ကိုယ် ကြားက ဆက်ဆံရေးဟာ သိသိသာသာ ပြောင်းလာတာကို တွေ့ရပါလိမ့်မယ်။ ပျော်ရွှင်မှူဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးခြင်း၊ လေးစားခြင်းကနေလည်း ဖြစ်လာနိုင်တာကို မမေ့လိုက်ပါနဲ့။

unsplash/Christian Fregnan

အငြိုးထားတာ

တစ်စုံတစ်ယောက်အပေါ် ရန်ငြိုးထားခြင်းဟာ မကောင်းတဲ့ကျန်းမာရေးအကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။ စိတ်ကျဝေဒနာကစလို့ နှလုံးရောဂါထိအောင် ဖြစ်ပွားနိုင်ပါတယ်။ နောက်တစ်ခုက အငြိုးတွေကို ရင်ထဲထည့်ထားတာဟာ နှလုံးသားထဲကို ညှောင့်စိုက်ထားသလိုမျိုးပါပဲ။ ပြန်တွေးမိတိုင်း အကြိမ်ကြိမ် ဒေါသထွက်ရသလို ကူကယ်ရာမဲ့သလိုမျိုးလည်း ခံစားရပါတယ်။ ဒါပေမယ့် ကိုယ်ဘာမှ မပြောင်းလဲနိုင်တော့တဲ့ အရာတစ်ခုအပေါ်မှာ လိုက်ခံစားပြီး တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့အချိန်နဲ့ ခွန်အားတွေကို ထပ်ဖြုန်းတီးတာမျိုး ဖြစ်သင့်ရဲ့လားလို့ စဉ်းစားသင့်ပါတယ်။

လက်တွေ့မှာတော့ တစ်စုံတစ်ယောက်နဲ့ ပတ်သက်တဲ့ အငြိုးအတေးတွေကိုလွယ်လွယ်ကူကူ မေ့ပျောက်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ရေရှည်မှာ ကိုယ်ကောင်းဖို့၊ ကိုယ်စိတ်ချမ်းသာဖို့ လုပ်နေတာပဲလို့ သဘောထားပြီး မေ့ပျောက်သင့်တာကို မေ့ဖျောက်ဖို့တော့ ဖြည်းဖြည်းချင်း ကြိုးစားကြည့်သင့်ပါတယ်။ ဒါမှပဲ ဘ၀ဟာ ပိုပြီးနေပျော်စရာကောင်းလာမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE