ငယ်စဉ်အခါမှာ မိမိကိုယ်ကို သတိပေးသင့်တဲ့ အသိတရားများ

လူအများစုဟာ ဘ၀မှာ တစ်ကြိမ်တစ်ခါလောက်တော့ အတိတ်ကို ပြန်သွားပြီး ကိုယ်ငယ်စဉ်က ပြုလုပ်မိခဲ့တဲ့ အရာတွေကို ပြောင်းလဲပြင်ဆင်ချင်စိတ် ဖြစ်မိတတ်ကြပါတယ်။ ဒီလို နောင်တတွေ တပွေ့တပိုက်နဲ့ အချိန်လွန်မှ မိမိကိုယ်ကို လမ်းကြောင်းမှန်ပေါ် ရောက်စေချင်စိတ်တွေ မဖြစ်ကြရစေဖို့အတွက် မျိုးဆက်သစ် လူငယ်လေးများ ငယ်ရွယ် စဉ်မှာ သိရှိထားသင့်တဲ့ အသိတရားလေးတွေနဲ့ ပြင်ဆင်၊ပြုလုပ်ထားသင့်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • သင်လုပ်ဆောင်နေတာ ကောင်းပါတယ်။ အလုပ်တစ်ခု လုပ်ဖို့အရေး “ငါလုပ်တာ ကောင်းမှကောင်းရဲ့လား” “လုပ်သင့်လား” “မလုပ်သင့်ဘူးလား”စတဲ့ အတွေးတွေနဲ့ တွေဝေမနေပါနဲ့။ ကိုယ့်ကိုယ်ကို စိတ်ဖိစီးအောင် မလုပ်ပါနဲ့။ ပြီးတော့ ကမ္ဘာကြီးက ရက်စက်ကြမ်းတမ်းလွန်းပြီး ဘယ်သူကမှ သင့်ကို မချစ်ခင်ဘူးလို့လည်း မတွေးပါနဲ့။ ကိုယ်တွေးမိနေတဲ့ အတွေးတွေကိုသာ ဖယ်လိုက်ရင် အရာအားလုံးဟာ သူ့ဟာနဲ့သူ အဆင်ပြေနေပါတယ်။
  • ဆေးလိပ်သောက်တဲ့ အကျင့်ကို မစခဲ့သင့်ပါ။
  • တစ်ညမှာ (၇)နာရီလောက် အိပ်ချိန်ရှိအောင် နည်းလမ်းရှာ ကြိုးစားပါ။ တစ်ချို့အရာတွေကို မလိုအပ်ဘဲ ဇွဲနပဲကြီးစွာ အားစိုက်နေဖို့ မလိုသလို သူရဲကောင်းဖြစ်ချင်စိတ်တွေလည်း သိပ်ပြင်းပြနေဖို့ မလိုပါဘူး။
  • မိမိအိပ်မက်တွေ၊ စိတ်ကူးတွေ၊ မျှော်လင့်ချက် ပန်းတိုင်တွေနဲ့ လိုချင်ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဘေးမချိတ်ထားဘဲ အာရုံစိုက်တတ်အောင် လေ့ကျင့်ပါ။ တစ်ကိုယ်ကောင်း ဆန်တာမျိုးတော့ မဟုတ်ပေမယ့် မိမိဘ၀အတွက် အရင်တွေး ပါ။ ငယ်ရွယ်စဉ်မှာ မိမိရည်မှန်းချက်တွေ၊ စိတ်ကူးတွေကို လျစ်လျှူရှုခဲ့မိသူတွေဟာ အသက်ကြီးလာတဲ့အခါ ကိုယ်ဖြစ် ချင်တဲ့အရာကို ပုံဖော်ဖို့ အလွန်ခက်ခဲသွားကြပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာ ကိုယ်နှစ်သက်တဲ့ အရာကိုတောင် နှစ်သက်ပါတယ်လို့ လူရှေ့မှာ ထုတ်မပြောရဲတော့လောက်အောင် မိမိကိုယ်ကို ပျောက်ဆုံးစေနိုင်ပါတယ်။
  • ငယ်ရွယ်စဉ်မှာ ပညာကို အပတ်တကုတ် ကြိုးစားပြီး သင်ယူဖို့ ကြိုးစားပါ။ ငယ်ရွယ်စဉ်မှာ ပညာရေးကို သာမန်ကာ လျှံကာ သဘောထားခဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါ ပိုပြီးခက်ခဲကြမ်းတမ်းတဲ့ ဘ၀မှာ ရုန်းကန်ကြရပါတယ်။ ဘ၀မှာ ရှိသင့်ရှိထိုက်တဲ့ အရာအားလုံးဟာ သူ့အချိန်နဲ့သူ အံကိုက်ပြီးမြောက်နေတာ ကောင်းပါတယ်။ အသက်သုံး ဆယ်လောက်မှ ဘာသာစကားအသစ်တစ်ခုကို လေ့လာရတာနဲ့ ငယ်ရွယ်စဉ်ကတည်းက လေ့လာတာ အများကြီး ကွာခြားပါတယ်။ ပညာရေးဟာ ဘ၀မှာ အလွန်အရေးပါပါတယ်။ ဒီအချက်ကို အထူးသတိပြုပါ။
  • သင်သွားချင်၊ ဖြစ်ချင်တဲ့ နေရာတွေကို ရောက်ရှိနိုင်ဖို့ ၀င်ခွင့်စာမေးပွဲတွေကို သေချာစွာ အားစိုက်ပြီး ဖြေဆိုသင့်ပါ တယ်။ သွားချင်တဲ့နေရာကို သွားရတာနဲ့ သွားနိုင်တဲ့နေရာကို သွားရတာ မတူညီပါဘူး။
  • အကျိုးမရှိတဲ့နေရာတွေမှာ ပိုက်ဆံတွေ အလဟဿ ဖြုန်းတီးခြင်းကို ရှောင်ကျဉ်ပါ။ ဥပမာ – ပေါ်ပင်စားသောက်ဆိုင် များ၊ အပေါ်ယံ အလှအပပစ္စည်းများ။
  • ဘ၀ရဲ့အလှပဆုံးနဲ့ နှစ်ခါပြန်မရနိုင်တဲ့ “ငယ်ရွယ်နုပျိုချိန်”တွေကို တန်ဖိုးထားပါ။ ငယ်စဉ်ဘ၀ရဲ့ လွတ်လပ်ပေါ့ပါးမှုနဲ့ လုပ်သင့်တဲ့ ပျော်ရွှင်မှုတွေကို ရယူထားပါ။ ဒါဟာ သင့်ဘ၀အတွက် အမြဲတမ်းတနေရမယ့် အမှတ်တရဖြစ်သလို ကိုယ့်ရဲ့မျိုးဆက်သစ်တွေ ရှိလာတဲ့အခါမှာလည်း ပြုစုပျိုးထောင်ရတာ ပိုမိုလွယ်ကူစေပါလိမ့်မယ်။
  • စာမေးပွဲတွေ၊ assignment တွေ အစရှိတဲ့ စာပေလေ့လာရေးမှာ ပူပင်သောက ရောက်မနေပါနဲ့။ ပညာကို အပတ် တကုတ် ကြိုးစားသင်ယူသင့်ပါတယ်။ သို့ပေမယ့်လည်း ပြင်ပဗဟုသုတနဲ့ စာပေတွေ ဖတ်ရှုလေ့လာခြင်းကိုလည်း ပြုလုပ်သင့်ပါသေးတယ်။ ဒါမှသာ စက်ရုပ်ဆန်တဲ့ နှလုံးသားပိုင်ရှင် မဖြစ်နိုင်မှာပါ။
  • ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ငယ်စဉ်မှာ ဘာလုပ်လုပ် တင့်တယ်ပြီး ခန္ဓ္ဓာကိုယ်ကလည်း အကြမ်းခံသေးလို့ ဖျားခဲနာခဲတယ်ဆိုပေမယ့် အသက်ကြီးလာတဲ့အခါ ပေတေခဲ့တဲ့ ဒဏ်တွေကို ပြန်ခံစားရတတ်ပါတယ်။
  • မိဘစကားကို နားထောင်ပါ။ အကြံဥာဏ်တွေကို တိုင်ပင်ဆွေးနွေးပြီး ယုံကြည်လက်ခံပေးပါ။ ကလန်ကဆန် မလုပ်ပါနဲ့။ တစ်ချိန်မှာ သင့်ကို ဒီလိုအရေးတယူ လုပ်ပြီး ပူပန်မယ့်သူ ရှားပါးသွားနိုင်ပါတယ်။
  • မိသားစုထဲမှာ မေတ္တာအရင်းခံပြီး ဖြစ်ပွားတဲ့ကိစ္စတွေရဲ့ နှုတ်လွန်ကျွံမှုတွေကို စိတ်ထဲမှာ တေးမှတ်မထားပါနဲ့။
  • ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စည်းကမ်းတကျ ထိန်းသိမ်းပါ။ တစ်ချို့သော ဖိုင်လ်တွေဟာ ဘယ်တော့မှ မဖန်တီးခဲ့သင့်သလို ဖန်တီးမိရင်လည်း ထာဝရပျောက်ပျက်သွားအောင် ဖျက်ဆီးထားသင့်ပါတယ်။ မြန်ဆန်လှတဲ့ အိုင်တီခေတ်ကြီးမှာ ကိုယ်က အမှုမဲ့အမှတ်မဲ့ နေလိုက်မိတဲ့ အရာလေးတွေကြောင့် ဘ၀မှာ အမည်းစက် စွန်းထင်သွား နိုင်ပါတယ်။ မိမိကွန်ပျူတာတွေ၊ ဖုန်းတွေကို password ထားထားပါ။
  • သင့်အပေါ် မကောင်းတဲ့ ချစ်သူကို ချက်ချင်းလမ်းခွဲပါ။ တသသနဲ့ လွမ်းဆွတ်ပြီး ဘ၀ထိခိုက်ခံမနေဘဲ ကိုယ်လျှောက် စရာရှိတဲ့ ဘ၀လမ်းကို ဆက်လျှောက်ပါ။
  • အသက်အရွယ် ကြီးလာတဲ့အခါမှာ နောင်တမရဖို့ မိမိကိုယ်ကို ပြောနေသင့်တာကတော့ မိမိကိုယ်ပိုင်ပုံစံအတိုင်း နေထိုင်ပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။ သင်နေထိုင်နေတဲ့ ဘ၀ဟာ သင့်ကိုယ်ပိုင်ဖြစ်ပြီး သင့်မိဘတွေ၊ သူငယ်ချင်းတွေ၊ စတဲ့သူတွေက ၀င်ရောက်နေထိုင်ပေးလို့ မရဘဲ ကိုယ်တိုင်ရှင်သန်နေထိုင်သွားရမှာ ဖြစ်ပါတယ်။ သင့်ငယ်ဘ၀မှာ အနည်းငယ်သာ ပိုမိုစိတ်ရှည်သည်းခံပြီး စိတ်ဆန္ဒပြင်းပြမယ်ဆိုရင် အသက်ကြီးတဲ့အခါ နေထိုင်ကြုံဆုံရမယ့်ဘ၀မှာ တကယ်ကို ကောင်းမွန်နေပါလိမ့်မယ်။
  • Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
    ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
    များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
    ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

  • အလင်းဦး (shwemom)Source: brightside
SHARE