ဘေ့စ်ဘောပွဲတွေမှာ ဟော့ဒေါ့လိုက်ရောင်းဦးမယ့် မင်းသားကြီး Tom Hanks

Instagram/TomHanks

တွမ်ဟန့်စ်(Tom Hanks)ရိုက်တဲ့ ရုပ်ရှင်တွေ – တွမ်ဟန့်စ် ရေးတဲ့ စာအုပ်တွေပြီးရင် အခုတစ်ခေါက်ကတော့ မင်းသားကြီးတွမ်ဟန့်စ်ရောင်းတဲ့ ဟော့ဒေါ့ပဲဖြစ်ပါတယ်။ အော်စကာဆုရမင်းသားကြီး တွမ်ဟန့်စ်ဟာ Oakland Athletics ဘေ့စ်ဘောပွဲတစ်ခုမှာ ကွင်းအတွင်း ဟော့ဒေါ့တွေကို လိုက်ရောင်းဖို့ စီစဉ်နေပါတယ်။ သူဟာ အခုလို ကမ္ဘာကျော်ရုပ်ရှင်မင်းသားတစ်ယောက်မဖြစ်ခင်တုန်းက  အလုပ်မျိုးစုံကို လုပ်ခဲ့ရသူတစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်ဘဝမှာ အခုလို ဘေ့စ်ဘောပွဲတွေမှာ ဟော့ဒေါ့တွေ လိုက်ရောင်းခဲ့ဖူးပါသေးတယ်။ 

အခုတော့ သူ ငယ်ငယ်က လုပ်ဖူးခဲ့သလိုမျိုး ကွင်းထဲမှာ ဟောဒေါ့တွေကို ပြန်ရောင်းသွားတော့မှာပဲဖြစ်ပါတယ်။ Oakland Athletics အသင်းကတော့ လာမယ့်ပြိုင်ပွဲတွေရဲ့ ကွင်းအတွင်းမှာ တွမ်ဟန့်စ်တစ်ယောက် ပရိသတ်တွေရဲ့ အသံနဲ့အတူတူရှိနေမှာလို့ အတည်ပြုပြောကြားခဲ့ပါသေးတယ်။ ဟာသဆန်ဆန် တမင်တည်းဖြတ်ထားတဲ့ ဗီဒီယိုမှာတော့ မင်းသားကြီးတွမ်ဟန့်စ်တစ်ယောက်ဟာ သံပုံးကြီးတစ်ခုကို လွယ်ပြီး ဘေ့စ်ဘောကွင်းထဲမှာ ဟော့ဒေါ့လိုက်ရောင်းနေတာကို အခုလို မြင်တွေ့ရမှာပါ။

 

ဒီလို ဟော့ဒေါ့လိုက်ရောင်းရာမှာလည်း တွမ်ဟန့်စ်အတွက် ပြဿနာတစ်ခုရှိနေပါသေးတယ်။  အဲဒါက ဘာလဲဆိုတော့ ဘေ့စ်ဘောပြိုင်ပွဲတွေဟာ ကပ်ရောဂါကြောင့် လူမပါဘဲ ကစားရမှာဖြစ်လို့  လူတွေကြားထဲ  လိုက်ရောင်းဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်တော့ပါဘူးနော်။

 

ကွင်းထဲမှာ လူလုံးဝမရှိဘဲ ကစားရင် ပြိုင်ပွဲဟာ အရမ်းငြိမ်သက်ပြီး ပျင်းစရာကောင်းနေမှာ စိုးလို့  အသင်းအနေနဲ့ နောက်ခံအသံတွေကိုကွင်းထဲမှာ စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။ ဘေ့စ်ဘောပြိုင်ပွဲတွေနဲ့ ဟော့ဒေါ့ဆိုတာ လုံးဝ ခွဲလို့မရတဲ့အရာတွေ ဖြစ်တာကြောင့် မင်းသားကြီးတွမ်ဟန့်စ်တစ်ယောက် အနီနဲ့ အဖြူစင်းကြားဝတ်စုံကြီး ဝတ်ပြီး ဟော့ဒေါ့တွေ လိုက်ရောင်းမှာကို ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

“အဲဒီတုန်းက ကျနော် မြေပဲတွေနဲ့ ဆိုဒါတွေရောင်းတယ်ဗျ။ အဲဒီအချိန်တုန်းက ပြိုင်ပွဲတွေရဲ့  ဗီဒီယိုဖိုင်ကို ပြန်ကြည့်လိုက်ရင် ပရိသတ်တွေကြားထဲမှာ ဈေးရောင်းနေတဲ့ လူငယ်တစ်ယောက်ကို တွေ့မယ်ဆိုရင် အဲဒါ ကျနော်ပဲ။ အဲဒီတုန်းက ကျနော် ဓါးပြနှစ်ခါအတိုက်ခံခဲ့ဂရဖူးတယ်။ အဲဒီအချိန်ကတည်းက ပိုက်ဆံတွေကို အိတ်ထောင်ထဲ လုံလုံခြုံခြုံထည့်ထားရမယ်ဆိုတာ မှတ်သွားတော့တာပဲ”လို့ သူငယ်ငယ်က ဘဝကို မင်းသားကြီးတွမ်ဟန့်စ်က အခုလိုမျိုးပြောခဲ့ပါသေးတယ်။

 

လက်ပွေ့အရောင်းသမားတစ်ယောက်ဘဝမှာ အတိုင်းအတာတစ်ခုအထိ ကျင်လည်ဖူးတဲ့ သူဟာအနိုင်ကျင့်မှုတွေလည်း ကြုံခဲ့ရပါသေးတယ်။ တွမ်ဟန့်စ်ဟာ ဟောဒေါ့တွေကို လိုက်ရောင်းစဉ်အချိန်က ၁၄ နှစ်သားလောက်သာ ရှိသေးတာကြောင့် လူကြီးတွေရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရပါတယ်။ ကွင်းထဲ လူများပြီး ဈေးရောင်းလို့ ကောင်းတဲ့ နေရာတွေမှာဆိုရင် လူကြီးတွေက ဦးထားတတ်ကြပြီး သူဝင်လာရင် သူ့ကိုမောင်းထုတ်လေ့လည်းရှိတယ်လို့  မင်းသားကြီးတွမ်ဟန့်စ်က သူ ကိုယ်တိုင် ပြောပြသွားခဲ့ပါသေးတယ်။

Tom Hanks

SHARE