ရေစိမ်လို့ကောင်းနေချိန်၊ စစ်လေ့ကျင့်ရေးယာဉ်တွေ ရေထဲကပေါ်လာလို့ ထိတ်လန့်ခဲ့ရသူများ

Instagram/Thakoni

ရုရှားနိုင်ငံ၊ Kaspiysk မြို့က ကမ္ဘာကျော်ကမ်းခြေမှာ ဒေသခံပြည်သူတွေနဲ့၊ ခရီးသွားတွေ နေဆာလှုံသူကလှုံ၊ နွေပူပူမို့ ပင်လယ်ရေ အေးအေးကို စိမ်သူကစိမ်လို့ ကောင်းနေချိန် ထင်မှတ်မထားတဲ့ မြင်ကွင်းတွေကို တွေ့မြင်ခဲ့ရပါတယ်။

ရုရှားရေတပ်မှာ စစ်ရေးလေ့ကျင့်နေတဲ့ ယန္တယားတွေဟာ ရေပြင်ထဲကနေ ရုတ်တရက် ပေါ်ထွက်လာခဲ့တာပါ။ သေနတ်သံတွေကိုလည်း ရှင်းရှင်းလင်းလင်း ကြားနေရပြီး၊ ကုန်းပေါ်ကိုတက်လာတဲ့ ကြည်းရေနှစ်မျိုးသုံး ယန္တယားတွေလည်း မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။

ကလေးတွေဟာ ဆူညံစွာ အော်ဟစ်ခဲ့ကြသလို၊ အမျိုးသမီးတွေ၊ မိသားစုလိုက် လာလည်ကြသူတွေလည်း ဘယ်ပြေးလို့ ပြေးရမှန်းမသိ ဖြစ်ခဲ့ရပါတယ်တဲ့။ အခင်းဖြစ်စဉ်ကို ဗွီဒီယိုဓာတ်ပုံ မှတ်တမ်းတင်ခဲ့သူတွေလည်း မြောက်များစွာ ရှိခဲ့ပါတယ်။

တကယ်က အခင်းဖြစ်ခဲ့တဲ့ ဇူလိုင်(၁၉)ရက် တနင်္ဂနွေနေ့က ရေတပ်မတော်နေ့ဖြစ်ပြီး၊ အဆိုပါနေရာဟာ ကက်စပီယံပင်လယ်ပြင်ရဲ့ တစိတ်တပိုင်း ဖြစ်ပြီး၊ ရေတပ်အင်အားစုတွေ (၇)နေရာစီခွဲပြီး အင်အားပြနေ့နဲ့လည်း တိုက်ဆိုင်ခဲ့ပါတယ်။

အခုမြင်ကွင်းနေရာမှာ သင်္ဘောအစင်းပေါင်း (၃၀)လောက် မြင်တွေ့ရသလို၊ BTR-80 တိုက်ခိုက်ရေး (၈)ဘီးယာဉ်တွေကိုလည်း အမြောက်အများ တွေ့ခဲ့ရပါတယ်။ ဆန့်ကျင်သူတွေကတော့ ကလေးတွေဟာ ထိတ်လန့်တတ်တာကြောင့် ဒီလို လုပ်ရပ်ဟာ အန္တရာယ်အလွန်များတယ်လို့ ကန့်ကွက်နေကြပါတယ်။

တချို့ကတော့ ဒီလုပ်ရပ်ကြောင့် ရေထုညစ်ညမ်းမှုတွေ ဖြစ်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ တကယ်ဆိုရင် စစ်ရေးလေ့ကျင့်မယ်ဆိုရင်တောင် ကမ်းခြေကို ပိတ်ထားတာမျိုးတွေ၊ သို့တည်းမဟုတ် ကြိုတင်ကြေညာတာမျိုးတွေ ပြုလုပ်သင့်တယ်လို့လည်း ထောက်ပြနေကြပါတယ်။

လင်းသူရိန်

SHARE