ကမ်းခြေလာဧည့်သည်တွေ ခေါင်းနပန်းကြီးသွားခဲ့တဲ့ ကိုလံဘီယာကမ်းခြေက အဖြစ်

ကိုလံဘီယာနိုင်ငံ ကမ်းခြေတစ်ခုမှာ မိကျောင်းတစ်ကောင်ဟာ ရုတ်တရက် လူတွေကြားထဲ ထွက်လာခဲ့တာကြောင့် ကမ်းခြေမှာရှိနေတဲ့ အပန်းဖြေသူအများအပြား ထိတ်လန့်ခဲ့ရပါတယ်။ ၄င်းဖြစ်ရပ်ဟာ ကိုလံဘီယာမြောက်ပိုင်း ဆန်တာမာတာမြို့ တေရိုနာအမျိုးသားဥယျာဉ်တွင်း ကမ်းခြေတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ယင်းဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ လူရွယ်အမျိုးသား(၃) ဦးဟာ မိကျောင်းထွက်လာတာကို မတွေ့ပဲ ငေးမောကာ လမ်းလျှောက်လာပြီး မိကျောင်းကို မြင်တော့မှ ကသောကမျော ပြေးထွက်သွားကြတာကို တွေ့ရပါတယ်။

အော်သံ ဆူသံတွေလည်း ကြားရပြီး လူတွေဟာ မိကျောင်းရဲ့ ရန်က လွတ်အောင် တစ်ဖက်ကို ပြေးထွက်သွားကြတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဗီဒီယိုအဆုံးမှာတော့ မိကျောင်းဟာ ကျွတ်ကျွတ်စီနေတဲ့ လူသံတွေကို ဂရုမစိုက်ပဲ ပင်လယ်ဘက်ဆီမျက်နှာမူရင်း ငြိမ်နေတာကို တွေ့ရပါတယ်။ အမျိုးသားဥယျာဉ်က အရာရှိတွေကတော့ ကမ်းခြေမှာ အခုလိုမျိုး မိကျောင်းတစ်ကောင်ကို တွေ့ရတာဟာ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ အမှတ်လက္ခဏာဖြစ်တယ်လို့ ဆိုထားပါတယ်။

ထို့နောက်မှာတော့ ကမ်းခြေစောင့်ဝန်ထမ်းတွေဟာ ကမ်းခြေမှာ အလားတူ မိကျောင်းတွေ ခိုအောင်းနေခြင်း ရှိ၊ မရှိကို လိုက်လံရှာဖွေကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ စမတ်ဖုန်းတစ်ကိုင်ကိုင်နဲ့ ဓာတ်ပုံရိုက် စပ်စုတတ်သူတွေကြောင့် မိကျောင်းတွေ အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အပြင် အန္တရာယ်ကြီးတဲ့ အသားစားမိကျောင်းကြီးတွေရဲ့ ရန်က ဧည့်သည်တွေကို ကာကွယ်ပေးချင်တာကြောင့်လည်း ဖြစ်ပါတယ်။

READ
အဝတ်ဗလာနဲ့သန့်ရှင်းရေးလုပ်ပေးရင် တစ်နာရီ 45 ပေါင်ပေးမယ်ဆိုတဲ့Company

အမျိုးသားဥယျာဉ်ရဲ့ ဒါရိုက်တာ လုဇ်အယ်ဗီယာကတော့ အခုလို လူမြင်ကွင်းထဲ မိကျောင်းတွေ ထွက်လာတဲ့ဖြစ်ရပ်မျိုးဟာ ရှားပါးကြောင်း ဆိုထားပါတယ်။ အမေရိကန်မိကျောင်းလို့ ကိုလံဘီယာမှာ လူသိများတဲ့ Caiman Aguja မိကျောင်းဟာ အလျားပေ(၂၀) နဲ့ အလေးချိန်ပေါင်(၂,၀၀၀) လောက်ထိ ကြီးထွားနိုင်ပါတယ်။ တခြားတိရစ္ဆာန်တွေထက် လူသားတွေကို ပိုမိုရန်မူလေ့ရှိတာကြောင့် အင်မတန်အန္တရာယ်များတဲ့ မိကျောင်းကြီးတွေပါ။ ကျွမ်းကျင်ပညာရှင်တွေကတော့ ၄င်းမိကျောင်းကြီးတွေနဲ့ တွေ့တဲ့အခါ အနည်းဆုံး (၆၆) ပေအကွာမှာ ရှိနေရမှာဖြစ်ပြီး သူတို့ကိုတွေ့ရတဲ့ နေရာတွေမှာ ဘယ်တော့မှ ရေဆင်းမကူးကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE