ဆမ်းမားရေ… မိုးရာသီက နှုတ်ဆက်ထွက်ခွာသွားချိန်ရောက်လာပြီဆိုတော့၊ ဆောင်းအငွေ့အသက်လေးတွေကို စတင်ခံစားလာနေရပြီနော်။ ကိုယ်ကတော့ မင်းသိတဲ့အတိုင်း ခရီးတစ်ခုမဟုတ်တစ်ခုသွားနေချင်တဲ့သူဆိုတော့၊ ဆောင်းအေးအေးလေးမှာ ဘယ်သွားရင်ကောင်းမလဲလို့ စတင်ပြီးစီစဉ်နေပြီပေါ့လေ။
ဒီတစ်ခါကတော့ ကိုယ်လေ မြန်မာနိုင်ငံအနောက်ဘက်ကို ခြေဆန့်ခဲ့တယ်။ ဒီလိုဆောင်းရာသီဆိုရင် ချင်းပြည်နယ်က ချင်းတောင်တန်းကြီးတွေက သွားလည်ဖို့အကောင်းဆုံးပဲ။ မိုးတွင်းဆိုရင် သွားရလာရခက်ခဲတတ်လေ့ရှိတယ်။ ဆောင်းရာသီမှာတော့ ချင်းတောင်တန်းတွေက ခြောက်ခြောက်သွေ့သွေ့နဲ့ အေးတယ်လေ။ ကောင်းကင်ကြီးကလဲ Crystal clear လို့ပြောရလောက်အောင်ပဲ ပြာလဲ့လဲ့နဲ့ ကြည်လင်တောက်ပနေလိုက်တာ။ မင်းသာပါလာခဲ့ရင် အရမ်းကိုသဘောကျနေမှာ။

ချင်းပြည်ကိုသွားလည်မယ်ဆိုရင် ချင်းပြည်နယ်ရဲ့ဂုဏ်ဆောင် နတ်မတောင်ကိုတော့ မတက်ဖူးဘူးမရှိရလေအောင် သွားတက်ထားသင့်တယ်။ ဝိတိုရိယတောင်လို့လဲ ခေါ်ကြတယ်။ ဒေသအခေါ် ခေါ်နူးဆုမ်လို့လဲ ခေါ်ကြတယ်။ အဲ့ဒီနတ်မတောင်က အာဆီယံအမွေအနှစ်စာရင်းဝင်ထားတဲ့ အမြင့်ပေတစ်သောင်းကျော်မြင့်တဲ့မြေသားတောင်ကြီးပေါ့။ သဘာဝပါတ်ဝန်းကျင်ကိုလဲ ထိန်းသိမ်းထားတဲ့အတွက် လေ့လာချင်တဲ့သူတွေအတွက်လဲ အဆင်ပြေတဲ့နေရာလေးတစ်ခုပေါ့။ နတ်မတောင်ကိုတက်မယ်ဆိုပြီး ကိုယ်တွေသွားခဲ့တုန်းက ခရီးသွား tour နဲ့စီစဉ်ပြီး သွားခဲ့တာ။ ကိုယ့်ဘာသာကိုယ် အစအဆုံးစီစဉ်ပြီး အေးအေးဆေးဆေးသွားချင်ရင်လဲ အဆင်ပြေတယ်။ မင်းပြန်လာတဲ့အချိန်မှာ သွားချင်တယ်ဆို၊ ကိုယ်လိုက်ပို့မယ်လေ။ ခရီးစဉ်ကို နှစ်ယောက်တူတူဆွဲကြတာပေါ့။

ချင်းပြည်နယ် ကန်ပက်လက်မြို့လေးက အဲ့ဒီ့နတ်မတောင်ခြေမှာရှိနေတာ။ ကိုယ်သွားတော့ တည်းတဲ့ဟိုတယ်က နတ်မတောင်ရဲ့ တောင်စောင်းပေါ်မှာဆောက်ထားတာလေ။ Win Unityတဲ့။ ဈေးနှုန်းသင့်တယ်။ သပ်ရပ်လှပတယ်။ ဟိုဘက်မှာဆို Floral Breeze, Pinewood Villa, Mountain Oasis တို့ ရှိသေးတယ်. ဈေးနှုန်းတွေက မတိမ်းမယိမ်းတွေပဲ. အပြင်အဆင်လေးပဲ ကွာတာဆိုတော့၊ မင်းနေချင်တဲ့နေရာကိုသာ လက်ညှိုးထိုးလိုက်ပါ။ ကိုယ်ရအောင် စီစဉ်ပေးမယ်။ အစားအသောက်ကတော့ မနက်ဆို ဟိုတယ်ကကျွေးတယ်။ ဘူဖေးပေါ့။ အဆင်ပြေပါတယ်။ အနီးအနားမှာ ဆိုင်တွေလဲရှိတယ်။ ရိုးရာစားစရာတွေလဲ ရတယ်။ အစုံစားတဲ့ မင်းအတွက်ကတော့ ကိစ္စသိပ်မရှိနိုင်ပေမယ့်၊ ခြေလေးချောင်းမစားတဲ့ကိုယ့်အတွက်က နွားနောက်သားနဲ့ ဆားဗူးသီးကို မြည်းကြည့်ခွင့်မရလိုက်ခဲ့ဘူး။
ဟိုတယ်က ကိုယ်နေတဲ့အခန်းရဲ့ဝရံတာကိုထွက်လိုက်ရင် ချင်းတောင်တန်းကြီးတွေကို တမေ့တမောငေးနေလို့ရနေပြီ။ ကြည်ကြည်လင်လင်နဲ့ပြာလဲ့နေတဲ့ ကောင်းကင်ရယ်၊ ညို့မှိုင်းနေတဲ့ မျက်စိတဆုံးတောင်တန်းတွေရယ်။ အင်း… မင်းရယ်ပေါ့လေ။ တကယ်ကို သတိရမိပါတယ် ဆမ်းမားရေ။

နောက်တစ်နေ့ မနက်စောစောထပြီး တောင်တက်ဖို့ပြင်ဆင်ရတယ်။ တောင်ခြေနား တောင်စတက်တဲ့စခန်းနားထိ ကားနဲ့လိုက်ပို့ပေးတယ်။ အဲ့စခန်းကနေ တောင်ထိပ်အထိက ခြေကျင်တက်လို့ရတယ်။ မတက်နိုင်တဲ့သူတွေက ဆိုင်ကယ်ကယ်ရီငှားတက်ကြတယ်။ ကိုယ်ကတော့ သူငယ်ချင်းတွေနဲ့တူတူ ခြေကျင်ပဲတက်ခဲ့တယ်။ အေးအေးဆေးဆေး နားလိုက်၊ ဓါတ်ပုံခဏရိုက်လိုက်၊ စကားပြောလိုက်နဲ့ တက်ခဲ့ကြတာ၊ တောင်ထိပ်အထိကို ၃နာရီကျော်လောက်အကြာမှာ ရောက်ခဲ့တယ်လေ။
တောင်ပေါ်တက်တဲ့ ဆိုင်ကယ်လမ်းကရှိတယ်။ ကိုယ်တွေက ခြေကျင်သမားတွေဆိုတော့ တောလမ်းလေးကနေပဲလျှောက်ခဲ့တယ်။ လမ်းတလျှောက်က တောင်ဇလပ်ပင်တွေ အများကြီးပဲ။ တောင်စောင်းတလျှောက် တောင်ဇလပ်တွေချည်းပဲ နေရာအပြည့်ယူထားတာ။ အပင်အုံ့အုံ့နေရာရှိသလို၊ အပင်မရှိပဲ နေပူတဲ့နေရာတွေလဲရှိတယ်။ နေပူပေမယ့်လေ၊ အတော်အေးတယ်။ မင်းသာလာခဲ့မယ်ဆိုရင် လျှာထိုးဦးထုပ်လေးဆောင်း၊ Sun block လေးတော့လိမ်းနော်။ ခြောက်ခြောက်သွေ့သွေ့နဲ့ အေးနေတဲ့နေရာဆိုတော့ ဖုန်လဲထတတ်တယ်။ mask လေးလဲဆောင်ခဲ့။ လမ်းမှာ ဘာဆိုင်မှမရှိဘူးလေ။ သောက်ရေနဲ့ အဆာပြေစားဖို့လေးတော့ ထည့်ယူခဲ့နော်။

မင်းအတွက် ကြိုစိတ်ပူမိနေတယ် ဆမ်းမား။ မင်းက ကိုယ့်လိုအကြမ်းခံနိုင်မယ် မထင်ဘူး။ တောင်တက်တောင်ဆင်းဆိုပေမယ့် အတက်များတယ်။ တောင်မတက်ခင် တစ်ပါတ်လောက်ကြိုပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ထားရင်ကောင်းလိမ့်မယ်။ မင်း ကြွက်တက်နေမှာ စိုးလို့ပါ။ ကိုယ်တွေအုပ်စုကတော့ Trekking သွားနေကျလူတွေဆိုတော့ ဒီလောက်ခရီးလေးက စာသိပ်မဖွဲ့လောက်ဖူးလေ။ မင်းက ငပျော့လေးဆိုတော့ ကြိုစိတ်ပူနေရတာ။ လမ်းတလျှောက် ရှုခင်းတွေက သိပ်လှတယ်။ ပြာလဲ့နေတဲ့ကောင်းကင်ကြီးအောက်မှာ မှိုင်းညို့နေတဲ့တောင်စဉ်တောင်တန်းတွေက မျက်စိတဆုံးပဲ။ တောင်ဇလပ်နီနီတွေရယ်၊ တစ်ခါတခါ ချယ်ရီတွေရယ်။ အိုး.. မင်းသိပ်သဘောကျမယ့်မြင်ကွင်းတွေပေါ့။ တောင်ထိပ်နားမှာ ရေကန်လေးရှိတယ် ။ အဲ့မှာ ရေတွေခဲနေတယ်။ ကိုယ်တောင် ရေခဲချပ်ကြီးကိုင်ပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်။ မင်းလာချင်စိတ်ပေါက်လာအောင် စည်းရုံးဖို့လေ။ တောင်ထိပ်နားရောက်လာလေ ပိုအေးလေပဲ။ နင်းလိုက်တဲ့အပင်တွေမှာတောင် ရေခဲတွေနဲ့လေ။ မြက်ပင်လေးတွေ၊ ဘာမှန်းမသိတဲ့ပန်းသေးသေးလေးတွေပေါ်မှာ ရေခဲအချပ်လိုက်လေးတွေနဲ့လေ။ မင်းဆို ပျော်နေမှာ။ မင်းမြင်ဖူးချင်နေတဲ့နှင်းကို လိုက်မပြနိုင်သေးပေမယ့်၊ ရေခဲနေတာကိုတော့ လိုက်ပြနိုင်တယ်။ မင်း လိုက်လာဖို့ပဲလိုတော့တာ။

တောင်ထိပ်မှာ ဘုရားတည်ထားတာရှိတယ်။ ဘုရားမှာဦးချပြီးဆုတောင်းခဲ့သေးတယ်။ နောက်နှစ်ကြရင် ချစ်ရသောသူနဲ့တူတူ ပြန်လာပါရစေလို့လေ။ သိလား ဆမ်းမား။ တောင်ထိပ်ပေါ်က ရှုခင်းက အရမ်းလှတာပဲ။ အားလုံးကိုအပေါ်စီးကမြင်နေရတာဆိုတော့လေ။ မင်းကို မြင်စေချင်လိုက်တာ။ ပြီးတော့။ မင်းကို ဓါတ်ပုံလှလှလေးတွေ လိုက်ရိုက်ပေးချင်လိုက်တာ။ ချစ်နေရတဲ့သူဆိုတာ ဒီလိုပါပဲ ဆမ်းမားရယ်။ ဘယ်နေရာရောက်ရောက် သတိရနေတာပါပဲ။ ညရောက်တော့ ဟိုတယ်မှာ မီးပုံပွဲလုပ်ကြသေးတယ်။ ခေါင်ရည်သောက်၊ သီချင်းတွေဆိုကြ၊ ပါဆယ်ဂိမ်းတွေကစားကြနဲ့ပေါ့။ မင်းပါလာရင်တော့၊ ဂစ်တာတီးကောင်းတဲ့မင်းက ဂစ်တာလေးတီးပြပေါ့။ တစ်ခုတော့ရှိတယ်။ ဆောင်းတွင်းအအေးဓါတ်နဲ့ လက်အိတ်ဝတ်ထားရတဲ့ညအချိန်မှာ ဂစ်တာတီးရရင်၊ မင်းလက်ကလေးတွေများ နာကျင်သွားမလားလို့။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီးခရီးတွေထွက်ခဲ့တယ်။ ရင်ထဲကမင်းကို တမ်းတနေရင်းနဲ့လေ။ နောက်တခါ မင်းပြန်လာရင် လိုက်ပို့မယ်နော်။ ကိုယ်နဲ့ လိုက်ခဲ့မယ်မဟုတ်လား။ အရမ်းလှတဲ့ချင်းတောင်တန်းကြီးကို တူတူသွားကြည့်ရအောင်လေ။

(ဟေမာလွင်)