နှစ်စဉ် ဇူလိုင်လ(၁)ရက်နေ့တိုင်း လစာ(၁.၂)သန်း ရနေတဲ့ ဘေ့စ်ဘောကစားသမားဟောင်းကြီး

[email protected] [email protected]

နေ့စွဲတစ်ခုကို သတ်မှတ်ပြီး ဘာနေ့၊ ညာနေ့ အစရှိသဖြင့် သတ်မှတ်ပြီး ခေါ်ဝေါ်ကြတာ အဲဒီနေ့ဟာ အထိမ်းအမှတ်နေ့တစ်နေ့ ဒါမှမဟုတ် သမိုင်းဝင်တဲ့ နေ့တစ်နေ့ဖြစ်လို့ အမှတ်တရ အနေနဲ့ ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံမှာတော့ ဇူလိုင်လ ၁ ရက်နေ့ကို Bobby Bonilla Day အဖြစ် သတ်မှတ်ပြီး Bobbo Bonilla လို့အမည်ရတဲ့ ဘေ့စ်ဘောကစားသမားဟောင်းကြီးကို ချီးကျူးဂုဏ်ပြုလေ့ရှိကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Bobby Bonilla ဆိုတဲ့ အမျိုးသားကြီးဟာ အခုအချိန်အထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ ဇူလိုင်လ(၁)ရက်နေ့ကို Bobby Bonilla Day အဖြစ် သတ်မှတ်ခေါ်ဝေါ်ကြတဲ့ အကြောင်းအရင်းကတော့ Bobby ဟာ သူရဲကောင်းကြီးမဟုတ်သလို သမိုင်းဝင်တဲ့ လုပ်ရပ်တွေလည်း လုပ်ခဲ့လူမဟုတ်ပါဘူး။ ဘာလို့ အဲဒီနေ့ကို Bobby Bonilla Day အဖြစ်သတ်မှတ်သလဲဆိုတော့ Bobby ဟာ နှစ်စဉ်ဇူလိုင်လ (၁) ရက်နေ့ရောက်တိုင်း အမေရိကန်ဒေါ်လာ (၁.၂)သန်းကို လစာအဖြစ် လက်ခံရရှိနေလို့ပဲ ဖြစ်ပါတယ်။

Bobby ဟာ နာမည်ကြီး ဘေ့စ်ဘောအသင်းဖြစ်တဲ့ New York Mets အသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူနောက်ဆုံးကစားခဲ့ရတဲ့အချိန်ကတော့ (၁၉၉၉) ခုနှစ်ကဖြစ်ပါတယ်။ New York Mets အသင်းရဲ့ ဥက္ကဌဖြစ်သူ Fred Wilpon က စာချုပ်သက်တမ်း မကုန်ခင် သူ့ကို အသင်းက ထုတ်ပယ်ချင်တာကြောင့် စာချုပ်ထဲက စည်းမျဉ်းအရ Bobby ကို လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ (၅.၉) သန်းပေးရမှာ ဖြစ်ပါတယ်။

READ
လူ(၈)ဦးရဲ့အရိုးတွေပါဝင်တဲ့ လှေတစ်စီး ဂျပန်မှာ သောင်တင်

ဒါပေမယ့် Fred ဟာ အဆိုပါပိုက်ဆံကို ဒီအတိုင်းပေးရမှာ နှမျောတဲ့အတွက်ကြောင့် Bernie Madof လို့ အမည်ရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆီမှာ ဒေါ်လာ(၅.၉)သန်းကို ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ဒါပေမယ့် Fred မသိလိုက်တာတစ်ခုက သူရင်းနှီးမြုပ်နှံခဲ့တဲ့ Bernie ဆိုတဲ့လူဟာ လူလိမ်တစ်ယောက်ဆိုတာပါပဲ။

 

https://www.instagram.com/p/CCHEBvIHMi_/

ဒီလိုနဲ့ သိပ်မကြာခင်အချိန်မှာ Bernie တစ်ယောက် ရဲအဖမ်းခံခဲ့ရပြီး ထောင်ကျသွားခဲ့ရာမှ Fred ရဲ့ ရင်းနှီးမြုပ်နှံထားတဲ့ ငွေတွေပါ ဆုံးရှုံးလိုက်ရပါတယ်။ တစ်ဖက်မှာလည်း Bobby ကို လျော်ကြေးပေးစရာမရှိတော့တဲ့ အတွက်ကြောင့် ထူးဆန်းတဲ့ စာချုပ်တစ်ခု ချုပ်ဆိုဖို့ Mets အသင်းဘက်ကနေ Bobby ကို ကမ်းလှမ်းခဲ့ပါတယ်။

စာချုပ်ထဲမှာပါဝင်တဲ့ အဓိက အချက်ကတော့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လကနေစပြီး နှစ်စဉ် ဇူလိုင်လ (၁) ရက်နေ့ရောက်တိုင်း Bobby ကို အမေရိက်ဒေါ်လာ (၁.၂) သန်း လွှဲပေးဖို့ ကမ်းလှမ်းခဲ့တာပါ။ Bobby ရဲ့ လစာ ဒေါ်လာ(၅.၉)သန်းကို လက်ငင်း မပေးနိုင်လို့ နှစ်စဉ် အတိုးနှုန်း(၈)ရာခိုင်နှုန်းနဲ့ ငွေရင်းကိုပေါင်းပြီး ဒေါ်လာ(၁.၂)သန်းကို  (၂၅)နှစ်တိတိ အရစ်ကျ ပေးသွားမှာ ဖြစ်ပါတယ်။ စာချုပ်ထဲမှာပါတဲ့ တွက်ချက်မှုအရ Bobby ဟာ Mets အသင်းဆီက ငွေရင်းနဲ့ အတိုး စုစုပေါင်း(၂၉.၈)သန်း ရရှိသွားမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ဘော်ဘီဟာ (၁၉၉၉)ခုနှစ်ကနေ (၂၀၁၀)ခုနှစ်တိုင်အောင် Mets အသင်းဆီကနေ ပိုက်ဆံတစ်ပြား တစ်ချပ်မှ ရမှာ မဟုတ်ပါဘူး။

READ
ရေခပ်မတိုက်လို့ ချစ်သူကို ဓားနဲ့အချက်ပေါင်းများစွာထိုးခဲ့တဲ့အမျိုးသား

ဒါပေမယ့် Bobby ဟာ အဲ့ဒီစာချုပ်မှာ လက်မှတ်ထိုးခဲ့ပြီး Mets အသင်းနဲ့ သဘောတူညီမှု ရယူခဲ့ပါတယ်။ အဲဒီအချိန်အခါတုန်းကတော့ Bobby ကို လူအများက ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ပေမယ့် (၁၀)နှစ်ကျော် ဒုက္ခခံပြီးနောက် (၂၀၁၁)ခုနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုရဲ့ အသီးအပွင့်တွေကို Bobby စတင် ခံစားခဲ့ရပါပြီ။

စာချုပ်အရဆိုရင်တော့ Bobby ဟာ (၂၀၃၅) ခုနှစ်၊ သူ့အသက် (၇၂)နှစ်အရွယ် ရောက်တဲ့အထိ ဇူလိုင်လ (၁) ရက်နေ့ရောက်တိုင်း အမေရိကန်ဒေါ်လာ (၁.၂) သန်း ရရှိနေတော့မှာပါ။ ဒါ့ကြောင့်လည်း အမေရိကန်ဘေ့စ်ဘောပရိသတ်တွေက အဲဒီဇူလိုင်လ ၁ ရက်နေ့ကို Bobby Bonilla နေ့အဖြစ်သတ်မှတ်ပြီး Bobby ကြီးအတွက် အမှတ်တရ ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE